■ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင် လာအိုနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက် လာအိုနိုင်ငံသမ္မတ၊ ၀န်ကြီးချုပ်တို့နှင့် တွေ့ဆုံဆွေးနွေး ■

နေပြည်တော် မေ ၆

လာအိုနိုင်ငံသမ္မတနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့သည် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်တို့နှင့်အတူ ယနေ့တွင် ချစ်ကြည်ရေးခရီးစဉ် အဖြစ် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့ နေ့ချင်းပြန်ခရီး သွားရောက်ခဲ့ ကြသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးတို့အား လာအိုပြည်သူ့ဒီမိုက ရက်တစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာ ဘွန်ညံ ဗိုရာချစ်နှင့် ဇနီးတို့က သမ္မတနန်းတော်၌ ဂုဏ်ပြု အခမ်းအနားဖြင့် ကြိုဆိုသည်။

ထို့နောက် မြန်မာ - လာအို နှစ်နိုင်ငံ ဆွေးနွေးပွဲကို ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးထင်ကျော်က အိမ်နီးချင်းနိုင်ငံဖြစ်ရုံသာမက အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်မည့် လာအိုနိုင်ငံအား တတ်အားသရွေ့ ဘက်ပေါင်းစုံမှ ထောက်ခံအားပေး သွားမည်ဖြစ်ကြောင်း၊ မြန်မာနှင့် လာအိုနှစ်နိုင်ငံသည် ရှေးယခင်ကတည်းက ငြိမ်းချမ်း စွာ ယှဉ်တွဲနေထိုင်လာကြသည့် နိုင်ငံများဖြစ်ကြောင်း၊ သို့ဖြစ်ရာ နှှစ်နိုင်ငံအကြား အပြန် အလှန် အားပေးထောက်ခံမှုများ ပြုလုပ်ခဲ့ကြပါကြောင်း၊ နှစ်နိုင်ငံအကြား သံတမန် ဆက်သွယ်မှုသည် နှစ်ပေါင်း(၆၀)ကျော်ပြီဖြစ်ပါကြောင်း၊ ထို့အတွက် ချစ်ကြည် ရင်းနှီးမှု နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာစွာ ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း ၊ နယ်နိမိတ်အားဖြင့် မိုင်ပေါင်း ၁၄၀ ကျော် ထိစပ်နေသော် လည်း မည်သည့် ပြဿနာမျှ မရှိခဲ့ဘဲ တစ်ဦးနှင့် တစ်ဦး အလွန်ရင်းနှီးကြသည့် နိုင်ငံများ ဖြစ်ကြပါကြောင်းနှင့် ရှိရင်းစွဲ ရင်းနှီးချစ်ကြည်မှု ကို ဆက်လက် တိုးပွားစေရန်အတွက် နှစ်နိုင်ငံပြည်သူများ လက်တွဲ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

လာအိုသမ္မတ မစ္စတာ ဘွန်ညံ ဗိုရာချစ်ကလည်း မိမိအနေဖြင့် မြန်မာနို်င်ငံသို့ အကြိမ်ကြိမ်အခါခါ ရောက်ရှိခဲ့ဖူးပါကြောင်း၊ မြန်မာနှင့် လာအိုတို့သည် အသွင်သဏ္ဍာန် အားဖြင့် ကွဲပြားခြားနားမှုမရှိဘဲ ညီရင်းအကိုမောင်ရင်းနှမ များသဖွယ် ဆင်တူကြပါ ကြောင်း၊ စီးပွားရေးနှင့် ကုန်သွယ်ရေး၊ ပညာရေး၊ ပြည်သူ့ကျန်းမာရေး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားလိုပါ ကြောင်း ပြန်လည် ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာဘွန်ညံ ဗိုရာချစ်တို့သည် နှစ်နိုင်ငံအကြား ချစ်ကြည်ရေး တံတား တည်ဆောက်ပြီးနောက်ပိုင်း နှစ်နိုင်ငံအစိုးရချင်း၊ ပြည်သူချင်း ပိုမိုပူးပေါင်းဆောင်ရွက် နိုင်မည့်ကိစ္စရပ်များ ၊ နှစ်နိုင်ငံအကြား ဖွဲ့စည်းဆောင် ရွက်ပြီးဖြစ်သည့် ပူးတွဲကော်မရှင် အစည်းအဝေး၊ နယ်ခြားကော်မတီအ စည်းအဝေးများတွင်လည်း သက်ဆိုင်ရာ နိုင်ငံများ အလိုက် ၀န်ကြီးဌာနအဆင့် ဆွေးနွေးဆောင်ရွက်သွားရန်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်း ဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် လာအိုနိုင်ငံ ၀န်ကြီးချုပ် မစ္စတာ ထောင်လွန်း ဆီဆိုလစ် နှင့်တွေ့ဆုံ၍ မြန်မာနှင့် လာအိုသမ္မတနှစ်ဦးအကြား ဆွေးနွေးခဲ့ သည့် ကိစ္စရပ်ဆိုင်ရာများအပေါ် အမြန်ဆုံးအကောင် အထည်ဖော် ဆောင်ရွက်သွားနိုင်ရေး ဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်အဖွဲ့သည် Unknown Soldier Monument ၌ လွမ်းသူ့ပန်းခွေ ချအလေးပြုကြပြီး ဗီယင်ကျန်းမြို့ရှိ ထပ်လွမ်စေတီ (Thatluang) အား သွားရောက် ဖူးမြော်ကြည်ညိုကာ ဆီဆာ ကတ်ကျောင်းတော် ကို ကြည့်ရှုလေ့ လာကြသည်။

ညနေပိုင်း တွင် နိုင်ငံတော်သမ္မတသည် လာအိုနိုင်ငံဆိုင်ရာ မြန်မာသံရုံး ၀န်ထမ်း များ၊ မိသားစုဝင်များ၊ မြန်မာပညာသင်များနှင့် ခေတ္တတည်းခိုသည့် Landmark Mekong Riverside ဟိုတယ်၌ တွေ့ဆုံသည်။
နိုင်ငံတော်သမ္မတ၏ ဇနီး ဒေါ်စုစုလွင်သည် နံနက် ၁၀ နာရီတွင် ဗီယန်ကျင်းမြို့ ရှိ SONG MUE NANG Handicraft သို့ သွားရောက်လေ့ လာပြီး မွန်းလွဲပိုင်းတွင် ဆီမန်း ကျောင်းတော်သို့ သွားရောက်ကြည့်ရှု လေ့လာသည်။

ထို့နောက် Ammalin Lao Silk Handicraft ကိုသွားရောက်ကြည့်ရှုလေ့လာခဲ့ သည်။ အလားတူ နို်င်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့မွန်းလွဲပိုင်းတွင် လာအို အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E Mr. Somphanh PHENGKHAMMY နှင့် တွေ့ဆုံကာ နှစ်နိုင်ငံ လွှတ်တော်နှစ်ရပ်အကြား ဆက်ဆံရေး ကိစ္စရပ်များ ပိုမိုတိုးမြှင့်ဆောင် ရွက်သွားရေး၊ ပြည်သူကို အကျိုးပြုရန်အတွက် ဖြစ်ပေါ် လာခဲ့သည့် ၊ ပြည်သူ့အကျိုးကို ဆောင်ရွက်ကြမည့် လွှတ်တော်ကိုယ် စားလှယ်များ အနေဖြင့် အကောင်းဆုံးဆောင်ရွက်သွားနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် ညနေပိုင်းတွင် လာအိုနိုင်ငံမှ လေကြောင်း ခရီးဖြင့် ထွက်ခွာလာရာ ညနေ ၆ နာရီခွဲတွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိကြသည်။

နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် အဖွဲ့အား ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဦးဟင်နရီ ဗန်ထီးယူ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှို်င်နှင့် တာဝန်ရှိသူများက နေပြည်တော်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

လာအိုနိုင်ငံသည် ၁၉၄၉ ခုနှစ် ဇူလိုင် ၁၉ ရက် တွင် ပြင်သစ်နိုင်ငံထံမှ လွတ်လပ် ရေးရရှိခဲ့သည်။ ၂၀၁၅ ခုနှစ်စာရင်းအရ ခန့်မှန်း လူဦးရေ ရ သန်းခန့် ရှိပြီး ပျမ်းမျှ တစ်ဦးချင်းဝင်ငွေ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃၃၀၀ ခန့်ရှိသည်။ လာအိုနိုင်ငံ၏ အဓိက ပို့ကုန်မှာ သစ်တောထွက် ပစ္စည်းများ၊ ကော်ဖီ၊ လယ်ယာထွက်ကုန်ပစ္စည်းများ၊ အဝတ်အထည်၊ ရွှေ၊ ကြေးနီ၊ လျှပ်စစ်ဓာတ်အား၊ ပြောင်းဖူးနှင့် ရာဘာ တို့ဖြစ်သည်။

မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား သံတမန်ဆက်သွယ်မှုကို ၁၉၅၅ ခုနှစ် ဇူလိုင် ၁၂ ရက်တွင် စတင်ထူထောင်ခဲ့သည်။ ရန်ကုန်မြို့၌ ၁၉၅၆ ခုနှစ်တွင် လာအိုသံရုံးကို စတင်ဖွင့်လှစ်ခဲ့သော်လည်း ဘဏ္ဍာရေးအခက်အခဲကြောင့် ၁၉၇၁ ခုနှစ်တွင် ခေတ္တပိတ်ခဲ့ကာ ၁၉၈၀ ခုနှစ်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ မြန်မာသံရုံးကို လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ ၌ ၁၉၆၇ ခုနှစ်တွင် စတင်ဖွင့်လှစ် ခဲ့သည်။

မြန်မာ - လာအို နှစ်နိုင်ငံ ကုန်သွယ်ရေးသဘောတူစာချုပ်ကို ၁၉၉၅ ခုနှစ်တွင် ရန်ကုန်မြို့၌လည်းကောင်း၊ နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက် ကို ၂၀၀၀ ပြည့်နှစ်တွင် ဗီယင်ကျန်းမြို့၌ လည်းကောင်း ချုပ်ဆိုခဲ့သည်။ မြန်မာနိုင်ငံမှ ပို့ကုန်မှာ ကုလားပဲဖြစ်ပြီး သွင်းကုန်မှာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေုးပစ္စည်းများ၊ ပလတ်စတစ် ကုန်ကြမ်းပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ ဖြစ်သည်။

၂၀၁၃-၂၀၁၄ ခုနှစ် ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၀ ဒသမ ၄၀၁ ဖြစ်သည်။ လယ်ယာကုန်ပစ္စည်း တင်ပို့မှုတန်ဖိုးအနေဖြင့် ၂၀၁၃-၂၀၁၄ စာရင်းအရ အမေရိကန် ဒေါ်လာ သန်းပေါင်း ၀ ဒသမ ၂၅၂ ရှိပြီး စက်မှုကုန်ပစ္စည်း တင်ပို့မှုတန်ဖိုးမှာ သန်းပေါင်း ၀ ဒသမ ၀၀၈ ရှိကြောင်း သိရှိရသည်။