Embassy of the Republic of the Union of Myanmar
London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံ ဘုရင်နှင့် မိဖုရားတို့နှင့် တွေ့ဆုံ

တိုကျို နိုဝင်ဘာ ၄

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက်ပိုင်းတွင် ကျိုတိုမြို့မှ ကျည်ဆန်ရထားဖြင့် တိုကျိုမြို့သို့ ပြန်လည်ရောက်ရှိသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဂျပန်နိုင်ငံဘုရင် အာကီဟိတိုနှင့် မိဖုရား မီချီကို တို့အား နံနက် ၁၁ နာရီ မိနစ် ၂၀ တွင် တိုကျိုမြို့ရှိ ဂျပန်ဘုရင့်နန်းတော်၌ သွားရောက်တွေ့ဆုံရာ ဂျပန်ဘုရင်နှင့် မိဖုရားတို့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား နွေးထွေးစွာကြိုဆို၍ မြန်မာ - ဂျပန် ဆက်ဆံရေးအပေါ် အလေးထားမှုများကို ပြောကြားခဲ့သည်။
 
မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဂျပန်စီးပွားရေးလုပ်ငန်းရှင်များအသင်း (Japanese Business Federation Keidanren) နှင့်ဂျပန်ကုန်သည်ကြီးများနှင့် စက်မှု လုပ်ငန်းရှင်များ အသင်း (Japan Chamber of Commerce and Industry - JCCI) တို့က The Imperial Hotel ၌ တည်ခင်းဧည့်ခံသည့် အလုပ်သဘော နေ့လယ်စာစားပွဲသို့ တက်ရောက်သည်။

နေ့လယ်စာစားပွဲတွင် ဂျပန်စီးပွားရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ မစ္စတာ ဆာဒါ့ယူကီ ဆာ့ကာ ကီတာရာ့နှင့် ဂျပန်နိုင်ငံခြားရေး ဒုတိယဝန်ကြီး မစ္စတာ နိုဘိုကီရှီတို့က နှုတ်ခွန်းဆက်စကား ပြောကြားကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာနိုင်ငံ၌ ဂျပန်နိုင်ငံမှ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ပိုမို လာရောက်ရန် ဖိတ်ခေါ်ခဲ့သည်။
 
ထို့နောက် ဂျပန်ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာ အာကီယို မီမူယာ (Dr.Akio Mimura) က မြန်မာ- ဂျပန်နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး အတွက် ပြင်ဆင်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းတို့က ဂျပန်စီးပွားရေး လုပ်ငန်းရှင်များမှ မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သိရှိလိုသည်များကို ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။

ညနေပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဂျပန် အမျိုးသား သတင်းထောက်များအသင်း (Japan National Press Club) ၌ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်ပြီး ခရီးစဉ်နှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းချက်များကို ဖြေကြားသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ခေတ္တတည်းခိုသည့် ဟိုတယ်၌ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တွေ့ဆုံပြီး မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
 
ညပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် မစ္စတာ ယိုရှိဟိဒဲ စူးဂါးက နိုင်ငံတော်ဧည့်ဂေဟာ တိုးချဲ့ခန်းမဆောင်၌ တည်ခင်း ဧည့်ခံသည့် ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက်သည်။

အဆိုပါ ညစာစားပွဲတွင် မစ္စတာ စူးဂါးက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဂျပန်နိုင်ငံခရီးစဉ်သည် မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား အကျိုးရလဒ်များစွာ ဖြစ်ထွန်းစေသည့် ခရီးစဉ်ဖြစ်သည့်အတွက် ဝမ်းမြောက် ပါကြောင်း၊ ခရီးစဉ်၌ အဓိက အကျိုးရလဒ် (၃)ခုရှိပါကြောင်း၊ ပထမအချက်မှာ ဂျပန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ အစိုးရသစ်အား အကူအညီပေးရန် ကတိကဝတ်များ ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ဒုတိယ အချက်မှာ ဝန်ကြီးချုပ် မစ္စတာ အာဘေးနှင့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့အကြား အနာဂတ် မျိုးဆက်သစ်များ ကူးလူးဆက်ဆံမှုမြှင့်တင်ရေးကို အကောင် အထည်ဖော်ရန် အမြင်ချင်းဖလှယ်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ တတိယအချက်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဂျပန်နိုင်ငံမှလုပ်ငန်းရှင်များအား မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီး မြှုပ်နှံရန် ဖိတ်ခေါ်နိုင်ခြင်း ဖြစ်ပါကြောင်း၊ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံစဉ် ရရှိခဲ့သည့် သဘောတူ ညီချက်များကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် ၎င်းအနေဖြင့် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

Credit: Myanmar State Counsellor Office Website

Announcements

Latest Updates

Activities