Embassy of the Republic of the Union of Myanmar
London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းတို့က သံတမန်များ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအား တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု နောက်ဆုံး အခြေအနေ

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းတို့က သံတမန်များ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအား တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု နောက်ဆုံး အခြေအနေများ ရှင်းလင်း 

ရန်ကုန်၊ ဇူလိုင် ၁၈

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းတို့သည် ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (National Reconcialiation and Peace Center-NRPC) ၌ ရန်ကုန်မြို့အခြေစိုက် သံရုံးများမှ သံတမန်များ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များအား တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု နောက်ဆုံး အခြေအနေ များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားမှု တစ်ရပ်ကို ကျင်းပ ပြုလုပ်ခဲ့သည်။

 

■ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံနှင့် နိုင်ငံရေးဆွေးနွေးပွဲများ

အဆိုပါ ရှင်းလင်းပွဲတွင် ပထမဦးစွာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက နိုင်ငံတော် အစိုးရ၏ လက်ရှိ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ အကျဉ်းခြုံး၍ ရှင်းလင်းပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အဓိက အစိတ်အပိုင်း ဖြစ်သော နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပြုလုပ်နိုင်ရန် ရည်ရွယ်၍ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်း ပြောကြားခဲ့သည်။

 

မကြာသေးခင်က ကျင်းပပြီးစီးခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ၊ ဒုတိယ အစည်းအဝေးတွင် ရလဒ်အဖြစ် ရရှိခဲ့သော ဖက်ဒရယ်ဆိုင်ရာအခြေခံမူ (၃၇) ချက်မှာ သိသာ ထင်ရှား သော တိုးတက်မှုများ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

 

အဆိုပါ သဘောတူညီချက်များသည် ပြည်ထောင်စုသဘောတူစာချုပ်(Union Peace Accord) ၏ အစိတ်အပိုင်း ဖြစ်ပြီး မြန်မာပြည်သူများ နှစ်ပေါင်းများစွာ မျှော်လင့်တောင့်တနေသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံမူများ ဖြစ်လာမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

 

၎င်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယအစည်းအဝေး ပြီးစီးပြီးသည့်နောက် ဆက်လက် ဆောင်ရွက်လျက်ရှိသည့် နောက်ဆုံး အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

 

■ ရခိုင်ပြည်နယ် နောက်ဆုံးအခြေအနေ

၎င်းနောက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ရခိုင်ပြည်နယ် အခြေအနေနှင့် စပ်လျဉ်း၍ နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်း ပြောကြားခဲ့သည်။ ဦးသောင်းထွန်းက ရခိုင်ပြည်နယ် အရေးကိစ္စ၏ ရှုပ်ထွေးနက်နဲသည့် သဘောသဘာဝနှင့် ယင်းအရေးကိစ္စကို ဖြေရှင်းရာတွင် နိုင်ငံတော် အစိုးရ၏ ရေတို၊ ရေရှည် အစီအစဉ်များ ချမှတ်၍ ကြိုးပမ်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့သည်။ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်က ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီက ချမှတ်ခဲ့သော အချက်အလက် ရှာဖွေရေးအဖွဲ့ (Fact Finding Mission) စေလွှတ်ရန် ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံက သဘောတူလက်ခံခြင်း မရှိသည့် ရပ်တည်ချက်ကို ထပ်လောင်း၍ ပြောကြားခဲ့သည်။ ယင်းအချက်အလက် ရှာဖွေရေးအဖွဲ့ (Fact Finding Mission) စေလွှတ်ရန် ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံတွင်း အခြေအနေများကို ပိုမို၍ ဆိုးရွားသွားစေနိုင်ကြောင်း အလေးပေးပြောကြားခဲ့သည်။

 

■အစွန်းရောက်လှုပ်ရှားမှုများ မြင့်တက်

ဆက်လက်၍ ဦးသောင်းထွန်းက ရခိုင်ပြည်နယ်မြောက်ပိုင်း၌ အပြစ်မဲ့အရပ်သား အများအပြား သေဆုံးနေရသော အစွန်းရောက်များ၏ တိုက်ခိုက်မှုများအကြောင်းကို ရှင်းလင်း ပြောကြားခဲ့သည်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှစ၍ အပြစ်မဲ့အရပ်သား ၄၄ ဦး သတ်ဖြတ်ခြင်း ခံခဲ့ရပြီး ၂၇ ဦး ပျောက် ဆုံးလျက် ရှိကြောင်း ၎င်းက အတည်ပြုပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အကြမ်းဖက် လှုပ်ရှားမှု များ မြင့်တက်လာသည့် အထောက်အထားများ တွေ့ရှိနေရကြောင်း၊ ဇွန်လ ၂၀ ရက်နေ့တွင် မေယု တောင်တန်းပေါ်၌ လူလုပ်ဥမင်လှိုဏ်ခေါင်းများ၊ သေနတ်များနှင့် လေ့ကျင့်ရေးစခန်းတစ်ခုကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိခဲ့ကြောင်း အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

 

■ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ကြားဖြတ် အစီရင်ခံစာ

ယင်းနောက် ဒေါက်တာကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ကြားဖြတ် အစီရင်ခံစာတွင် ပါရှိသော အကြံပြုတိုက်တွန်းချက်များနှင့် စပ်လျဉ်း၍ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် တိုးတက်မှုများကို ဦးသောင်းထွန်းက ဆက်လက် ရှင်းလင်းခဲ့သည်။ အဆိုပါ တိုးတက်မှုများသည် ရခိုင်ပြည်နယ်အတွင်း ခိုင်မာသော ငြိမ်းချမ်းရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုး တိုးတက်မှုများ တည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိသော နိုင်ငံတော်အစိုးရ၏ သံန္နိဌာန်ကို ဖော်ပြနေခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

၎င်းက အကြံပေးကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာထုတ်ပြန်ပြီး (၄)လတာကာလအတွင်း သိသာထင်ရှားသော တိုးတက်မှုများရှိကြောင်း၊ အစိုးရအနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ အတွင်း ထိခိုက်ခံခဲ့ရသည့် နေရာအားလုံး၏ (၉၅)ရာခိုင်နှုန်းနီးပါးသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ရောက်ရှိအောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ လူ့အသိုက်အဝန်းအားလုံးထံသို့ အကူအညီများ ပေးအပ်လျက်ရှိကြောင်း၊ ရွေ့လျား ဆေးခန်းများဖြင့် လူပေါင်းတစ်သိန်းကျော်အား ကုသပေးခဲ့ကြောင်း၊ ရခိုင်ပြည်နယ်၌ စုစုပေါင်း ကျောင်း (၃၀၀)ကျော် အဆင့်မြှင့်တင်ခဲ့ကြောင်း၊ လူထောင်ပေါင်းများစွာအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ပို့ချပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်းက အစိုးရအနေဖြင့် အောင်မြင်တိုးတက်မှုများ ရရှိနေသော်လည်း တစ်ဖက်တွင် နေ့ချင်းညချင်း ပြောင်းလဲမရ နိုင်သည့် အခက်အခဲများလည်း ရှိနေသေးကြောင်း ရှင်းလင်းခဲ့သည်။

 

ယင်းနောက် သံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက သိလိုသည်များ မေးမြန်းပြီး ပြည်ထောင်စုဝန်ကြီးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်တို့က ပြန်လည် ရှင်းလင်း ဖြေကြားပြီး တွေ့ဆုံပွဲကို နေ့လည် ၁၂ နာရီတွင် ရုပ်သိမ်းခဲ့သည်။

 

ယနေ့ကျင်းပပြုလုပ်သည့် တွေ့ဆုံပွဲ သို့ ရန်ကုန်မြို့အခြေစိုက် သံရုံးများမှ သံတမန်များ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

 

 

 

 

 

Announcements

Latest Updates

Activities