နေပြည်တော် ဇွန် ၁၅
နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေး၊ ယဉ်ကျေးမှု အပြန်အလှန် ဖလှယ်ရေးမှတစ်ဆင့် နှစ်နိုင်ငံ ပြည်သူများအကြား ပိုမိုကောင်းမွန်သည့်ဆက်ဆံရေး တိုးမြှင့်ဖော်ဆောင်နိုင်ရေး တို့နှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် မွန်ဂိုလီးယားနိုင်ငံသမ္မတတို့ ဆွေးနွေးခဲ့ကြသည်။
နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ် ရောက်ရှိလာသည့် မွန်ဂိုလီးယားနိုင်ငံ သမ္မတမစ္စတာဇတ်ခ်ဟီးလ်ယာဒ် အယ်လ်ဘတ်ခ် ဒေါ့ဂျ် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံစဉ် ထိုသို့ဆွေးနွေး ခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံအကြားကုန်သွယ်မှုကဏ္ဍ၊ သတ္တုကဏ္ဍ၊ ပညာရေးကဏ္ဍ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှု များ မြှင့်တင်ရေး ကိစ္စရပ် များကိုလည်းဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မွန်ဂိုလီးယားသမ္မတက နိုင်ငံတော်သမ္မတနှင့် နို်င်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့အား မွန်ဂိုလီးယားနို်င်ငံတွင် ကျင်းပမည့် (၁၁) ကြိမ်မြောက် အာရှ-ဥရောပ အစည်းအဝေး သို့ တက်ရောက်နိုင်ရေးနှင့် မွန်ဂိုလီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့သည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒေါက််တာဖေမြင့်၊ သူရဦးအောင်ကို၊ ဦးအုန်းဝင်း၊ ဦးကျော်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက််ကြပြီး မွန်ဂိုလီးယားနိုင်ငံသမ္မတ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ မွန်ဂိုလီးယားနိုင်ငံ သံအမတ်ကြီးလည်း တက်ရောက်သည်။
တွေ့ဆုံပွဲအပြီးတွင် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို နိုင်ငံတော်သမ္မတ အိမ်တော်၌ ဆက်လက်ကျင်းပသည်။
အခမ်းအနား၌ နိုင်ငံတော်သမ္မတဦးထင်ကျော်နှင့် မွန်ဂိုလီးယားနိုင်ငံသမ္မတတို့ ရှေ့မှောက်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ နန္ဒာမွှန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ မွန်ဂိုလီးယား နိုင်ငံ သံအမတ်ကြီး မစ္စတာတဂ်စ်ဘီလ်ဂွန်း တူမွတ်ခ်ဟူလဂ် တို့က“မွန်ဂိုလီးယားနိုင်ငံပညာရေး၊ ယဉ်ကျေးမှုနှင့် သိပ္ပံပညာဝန်ကြီး ဌာနနှင့် ပြည်ထောင်စုသမ္မတမြန််မာနိုင်ငံတော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတို့အကြား ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ” ကို လက်မှတ် ရေးထိုးကြပြီး အပြန်အလှန်လဲလှယ်ကြသည်။
ညပိုင်းတွင် နိုင်ငံတော်သမ္မတက မွန်ဂိုလီးယားနိုင်ငံသမ္မတ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်သမ္မတအိမ်တော်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။
ညစာစားပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
မွန်ဂိုလီးယားနိုင်ငံသမ္မတသည် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်သည့် ခရီးစဉ်ဖြစ်သကဲ့သို့ အစိုးရသစ်လက်ထက်၌ မြန်မာနိုင်ငံသို့ ပထမဦးဆုံး လာရောက်သည့် နိုင်ငံ အကြီးအကဲတစ်ဦး၏ ခရီးစဉ်လည်း ဖြစ်သည်။ ထို့ပြင် နှစ်နို်င်ငံသံတမန်ဆက်ဆံရေး နှစ် (၆၀) ပြည့် အချိန်အခါတွင် လာရောက်သည့် ခရီးစဉ်တစ်ခုလည်းဖြစ်သည်။