နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ ရောက်ရှိ ■
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
နေပြည်တော် အောက်တိုဘာ ၂၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့သည် အဖွဲ့ဝင်များနှင့်အတူ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတ နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ရန်နှင့် (၈)ကြိမ်မြောက် CLMV၊ (၇)ကြိမ် မြောက် ACMECS ထိပ်သီးအစည်းအဝေးများနှင့် ကမ္ဘာ့ စီးပွားရေးဖိုရမ်- မဲခေါင် ညီလာခံသို့ တက်ရောက်ရန် ယနေ့ နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် နေပြည်တော်မှ ထွက်ခွာသည်။
နိုင်ငံတော်သမ္မတနှင့်အဖွွဲ့အား နို်င်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ််ချုပ်မိုးမြင့်ထွန်း၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသံရုံး သံရုံးယာယီတာဝန်ခံ Mr. NGUYEN THANH VINH နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတ၏ခရီးစဉ်တွင် အဖွဲ့ဝင်များအဖြစ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဦးကျော်ဝင်း၊ ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ လိုက်ပါသွားကြသည်။
နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ ဒေသစံတော် ချိန် နံနက် ၁၀ နာရီ ၅၅ မိနစ်တွင် ရောက်ရှိကြရာ လေဆိပ်၌ ဗီယက်နမ်နိုင်ငံ Minister of Education and Training, H.E. Mr. Phung Xuan Nha၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့်အဖွဲ့သည် ခေတ္တတည်းခိုမည့် ဟနွိုင်း ဂရင်းပလာဇာ ဟိုတယ်သို့ ရောက်ရှိကြသည်။
Credit : Myanmar President Office Facebook