ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ကမ္ဘာ့စီးပွားရေး ဖိုရမ် (မဲခေါင်ဒေသ) သိုု့ တက်ရောက်အမှာစကားပြောကြား
ဟနွိုင်း၊ အောက်တိုဘာ ၂၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ အမျိုးသားကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသည့် ကမ္ဘာ့ စီးပွားရေးဖိုရမ် (မဲခေါင်ဒေသ) သိုု့ တက်ရောက် အမှာစကားပြောကြားသည်။
အခမ်းအနားတွင် ကမ္ဘာ့စီးပွားရေးဖိုရမ်မှ ဌာနမှူး မစ္စတာ Rick Samans နှင့် အာရှ-ပစ္စဖိတ်ဒေသ ဌာနမှူး မစ္စတာ Justin Wood တို့က အဖွင့်အမှာစကား ပြောကြားကြသည်။
ထို့နောက် ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖွတ်က အမှာစကား ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အမှှာစကားပြောကြားရာတွင် ယခု အစည်းအဝေး သည် မဲခေါင်ဒေသအတွင်း မတူညီကွဲပြားမှုများမှ စုစည်းအင်အား ဖော်ထုတ် အသုံးပြုရေးအတွက် အရေးကြီးသည့်အစည်းအဝေးတစ်ရပ်ဖြစ်ကြောင်း၊ မဲခေါင်မြစ်သည် ဒေသတွင်းနေထိုင်သော ပြည်သူ များ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ရှင်သန်ရပ်တည်မှု အတွက် အခြေခံကျစွာ ချိတ်ဆက်လျက်ရှိကြောင်း၊ မဲခေါင်မြစ်ဝှမ်း နိုင်ငံများသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းကောင်းများ ရှိသော်လည်း စိမ်ခေါ်မှုများရှိနေဆဲ ဖြစ်ကြောင်း၊ အခြေခံအဆောက်အဦ၊ လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု၊ ထုတ်ကုန်တိုးမြှင့် မှုနှင့် စီးပွားရေးယှဉ်ပြိုင်စွမ်းတိုးမြှင့်မှု ကဏ္ဍများတွင် အဆင့် မြှင့်တင် ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း။
ယခုအစည်းအဝေးမှ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ချိတ်ဆက်ဆောင်ရွက်မှု တိုးမြှင့်ရေး အတွက် နည်းလမ်းများ ရှာဖွေနိုင်လိမ့်မည်ဟုယုံကြည်ကြောင်း၊ မဲခေါင်ဒေသ၏ စီးပွားရေး အခွင့်အလမ်းများအား စုစည်းအင်အားဖြင့် ဖော်ထုတ်အသုံးပြုပြီး ဒေသတွင်းဖွံ့ဖြိုး တိုးတက်မှုရရှိရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့မဲခေါင်နိုင်ငံများတွင် ဘက်ပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်ရန် အတွက် အခွင့်အလမ်းများစွာရှိပါကြောင်း၊ ၂၀၃၀ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ဒေသအတွင်း စီးပွားရေး ပေါင်းစပ် ဆောင်ရွက်မှုများကို မြှင့်တင်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကမ္ဘောဒီးယားနိုင်ငံ ၀န်ကြီးချုပ် မစ္စတာဆမ်ဒက်ဟွန်ဆန်၊ လာအို ပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ ၀န်ကြီးချုပ် မစ္စတာ ထောင်လွန်းဆီဆိုလစ် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာ ဆွန်ကစ်ဂျာတူ ဆရီပီတက်တို့က အမှာစကားပြောကြားကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် ဟနွိုင်းမြို့ ပိုးထည်ရွာသို့ သွားရောက်ပြီး ပိုးထည် ရက်လုပ်နေမှုနှင့် ပိုးထည်များအား ကြည့်ရှုလေ့လာကြသည်။
ညပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် (၈) ကြိမ်မြောက် စီအယ်လ်အမ်ဗွီ ထိပ်သီး အစည်းအဝေးနှင့် (၇) ကြိမ်မြောက် အက်မက်စ်ထိပ်သီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံအကြီးအကဲနှင့် အစိုးရအဖွဲ့ အကြီးအကဲများအား ဗီယက်နမ်နိုင်ငံ ၀န်ကြီးချုပ်က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်သည်။
Credit : Myanmar President Office Facebook