Credit: Myanmar President Office Website
နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင် ဗီယက်နမ်နိုင်ငံ ချစ်ကြည်ရေးခရီးမှ နေပြည်တော်သို့ ပြန်လည်ရောက်ရှိ
Submitted by cwmpo1 on Sat, 10/29/2016 - 16:00
နေပြည်တော် အောက်တိုဘာ ၂၈
ဗီယက်နမ်နိုင်ငံ၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့သည် ယနေ့နံနက်ပိုင်းတွင် ဟနွိုင်းမြို့ရှိ ဗီယက်နမ် အမျိုးသား ခေါင်းဆောင်ဟိုချီမင်း နေအိမ်သို့ ရောက်ရှိပြီး နေအိမ်နင့် ဟိုချီမင်း အသုံးပြုခဲ့သည့် စာကြည့်ခန်း၊ အိပ်ခန်း၊ အသုံးအဆောင်များ ကိုကြည့်ရှုလေ့လာကြကာ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ် ရေးထိုးသည်။
ဟိုချီမင်းနေအိမ်ကို ၁၉၅၈ ခုနှစ်က ဗီယက်နမ် တပ်မတော်အင်ဂျင်နီယာများက ပုံစံရေးဆွဲတည်ဆောက် ခဲ့ခြင်းဖြစ်ပြီး ဟိုချီမင်းအနေဖြင့် အဆိုပါနေအိမ်တွင် စာပေလေ့လာမှုနှင့် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် One Pillar Pagoda သို့ ရောက်ရှိပြီး လှည့်လည် ကြည်ညိုကြသည်။
One Pillar Pagoda သည် ကျောက်သားတိုင်ပေါ်၌ တည်ဆောက်ထားခြင်းဖြစ်ပြီး ၁၀၂၈ မှ ၁၀၅၄ ခုနှစ်အထိအုပ်ချုပ်ခဲ့သည့် ဘုရင်လီထိုင်တုံးက တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။ ၁၉၅၄ ခုနှစ်တွင် ဖျက်ဆီးခံခဲ့ရသဖြင့် ပြန်လည်ပြုပြင်ခဲ့ရာ ၁၉၆ဝခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် မြန်မာသံရုံးသို့ရောက်ရှိပြီး သံရုံးမိသားစု များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ဗီယက်နမ် ရှေးဟောင်းတက္ကသိုလ်သို့ ရောက်ရှိပြီး တက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှုလေ့လာကြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီး တို့သည် ၁၉၆၅ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် ဗီယက်နမ်စစ်သမိုင်းပြတိုက်သို့ ရောက်ရှိ်ပြီး ပြတိုက်အတွင်း ဗီယက်နမ်လူမျိုးများ လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သည့် သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများ၊ စစ်ပွဲအတွင်း အသုံးပြုခဲ့သည့် လက်နက်မျိုးစုံအား လေ့လာကြည့်ရှုကြပြီး ဗီယက်နမ်-ပြင်သစ် သမိုင်းဝင် ဒိန်ဖန်ဖူး တိုက်ပွဲဗီဒီယိုမှတ်တမ်းအား ကြည့်ရှုကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် ဟနွိုင်းမြို့မှ ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် မြန်မာအမျိုးသားလေကြောင်း အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့ရာ ညနေ ၅ နာရီခွဲတွင် နေပြည်တော်သို့ ရောက်ရှိကြသည်။
နိုင်ငံတော်သမ္မတနှင့်ဇနီး ဦးဆောင်သည့်အဖွဲ့အား ဒုတိယသမ္မတ ဦးမြင့်ဆွေနင့် ဦးဟင်နရီဗန်ထီးယူ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံး ယာယီတာဝန်ခံနင့် တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
Credit: Myanmar President Office Website