၁။ လွှတ်တော်ကိုယ်စားလှယ်နေရာလစ်လပ်နေသည့် မဲဆန္ဒနယ်များအတွက် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအား ၂၀၁၇ ခုနှစ်၊ ဧပြီလ(၁) ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၌ ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ (၂၇-၁၀-၂၀၁၆) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။
၂။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ပြည်ပရောက်မြန်မာနိုင်ငံသားများမှ ဆန္ဒမဲပေးနိုင်ရေး အတွက် မဲဆန္ဒရှင်စာရင်းအား မြန်မာသံရုံးမှ စာရင်းပြုစုလျက်ရှိပါသည်။ သို့ဖြစ်ပါ၍၊ ဗြိတိန်နိုင်ငံနှင့် ပူးတွဲတာဝန်ယူထားသည့် အိုင်ယာလန်သမ္မတနိုင်ငံ၊ ဆွီဒင်နိုင်ငံနှင့် ဒိန်းမတ်နိုင်ငံ တို့တွင် ပြည်ထောင်စုအစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသည့် မဲဆန္ဒရှင်၊ သက်တမ်းရှိ မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင် ထားသည့် အသက်(၁၈)နှစ် ပြည့်ပြီးသူ မြန်မာနိုင်ငံသားများအနေဖြင့် ပူးတွဲပါ ကြိုတင်ဆန္ဒမဲတောင်းခံရန် ပုံစံ(၁၅)အား ဖြည့်စွက်၍ လက်ရှိကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံကူးလက်မှတ်မိတ္တူကိုပါ ပူးတွဲလျက် အောက်ဖော်ပြပါ မြန်မာသံရုံးလိပ်စာသို့ ၅-၁၂-၂၀၁၆ ရက်နေ့နောက်ဆုံးထား၍ စာတိုက်မှ ဖြစ်စေ၊ အီးလ်မေးမှ ဖြစ်စေ၊ တောင်းဆိုသူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ ပေးပို့နိုင်ပါရန်အသိပေး ကြေညာအပ်ပါသည်-
မြန်မာသံရုံး၊ လန်ဒန်မြို့- 19A Charles Street, W1J 5DX, London
Tel: +44 207 1480740, 207 1480753
Email: [email protected]
ပုံစံ(၁၅)ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ website လိပ်စာ www.uecmyanmar.org မှလည်း ရယူနိုင်ပါသည်။
၃။ လွှတ်တော်ကိုယ်စားလှယ်နေရာလစ်လပ်နေသည့် မဲဆန္ဒနယ်များမှာ-
• ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်အနေဖြင့် အကျုံးဝင်သောမြို့နယ်များမှာ မုံရွာ၊ ချောင်းဆုံ၊ အမ်း၊ လှိုင်သာယာ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ကော့မှူး၊ ကျေးသီး၊ မိုင်းရှူး မြို့နယ်များ၊
• အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အနေဖြင့် အကျုံးဝင်သောမြို့နယ်များမှာ ချင်းပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၃) အတွက် ထန်တလန်မြို့နယ်၊ ပဲခူးတိုင်း ဒေသကြီးအမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၄)အတွက် ကျောက်တံခါးနှင့် ညောင်လေးပင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၆) အတွက် ကမာရွတ်၊ ကြည့်မြင်တိုင်၊ ဆိပ်ကမ်း၊ လသာ၊ လှိုင်၊ လမ်းမတော်၊ အလုံ မြို့နယ်များ၊
• ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အနေဖြင့် အကျုံးဝင်သောမြို့နယ်များမှာ ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)အတွက် ဖရူဆိုမြို့နယ်၊ ကျိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၂)အတွက် ကျိုင်းတုံမြို့နယ်၊ ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)အတွက် ကျေးသီးမြို့နယ်နှင့် လွှတ်တော်မဲ ဆန္ဒနယ်အမှတ်(၂)အတွက် ကျေးသီးမြို့နယ်၊ ညောင်ရွှေမြို့နယ်ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)အတွက် ညောင်ရွှေမြို့နယ်၊ မိုင်းရှူးမြို့နယ်ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)အတွက် မိုင်းရှူးမြို့နယ်၊ လွှတ်တော်မဲဆန္ဒနယ် အမှတ်(၂)အတွက် မိုင်းရှူးမြို့နယ်၊
တို့ဖြစ်ပါသည်။
၄။ ကြိုတင်ဆန္ဒမဲတောင်းဆိုသူ၏ အမြဲတမ်းနေရပ်လိပ်စာသည် အထက်ပါ လစ်လပ်မဲ ဆန္ဒနယ်မြေမြို့နယ်များတွင် ဖြစ်ရမည်ဖြစ်ပြီး အပိုဒ်(၂)ပါ အချက်များနှင့်ကိုက်ညီသည့် မြန်မာနိုင်ငံသားများသည် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ကြိုတင်၍ ဆန္ဒမဲပေးနိုင်ရေးအတွက် ကြိုတင်ဆန္ဒမဲတောင်းခံရန် ပုံစံ(၁၅)အား ဖြည့်စွက်၍ မြန်မာသံရုံး၊ လန်ဒန်မြို့သို့ ပေးပို့ကြရမည် ဖြစ်ပါသည်။ ထိုသို့ဖြည့်စွက်ရာတွင် အချက်အလက်များနှင့် ကွက်လပ်များအား ပြည့်စုံစွာ ဖြည့်သွင်းရေးသား၍ ပြည်ပလိပ်စာအား အင်္ဂလိပ်ဘာသာဖြင့် ပြည့်စုံစွာ (အထူးသဖြင့် နိုင်ငံ၊ မြို့အမည်များအား) ဖြည့်သွင်းရေးသားရမည့်အပြင် ဆက်သွယ်ရန် ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ တို့အားလည်း သီးခြားဖော်ပြရေးသားပေးပို့ရန် ဖြစ်ပါသည်။ ထို့သို့ပေးပို့ကြရာတွင် မြန်မာသံရုံး သို့နောက်ဆုံးအရောက်ပေးပို့ရန် သတ်မှတ်ထားသည့် ၅-၁၂-၂၀၁၆ ရက်နေ့ နောက်ပိုင်းပေးပို့ ရောက်ရှိလာသည့် ပုံစံ(၁၅)များကို လက်ခံဆောင်ရွက် သွားမည်မဟုတ်ပါကြောင်း ကြိုတင် အသိပေးအပ်ပါသည်။
၅။ ကြိုတင်ဆန္ဒမဲ ပေးရမည့်ရက်ကို ထပ်မံအသိပေးအကြောင်းကြားမည် ဖြစ်ပါသည်။
မြန်မာသံရုံး၊ လန်ဒန်မြို့
ရက်စွဲ။ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ(၁) ရက်