ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသူများ ရှိသော်လည်း အေးချမ်းစွာ နေထိုင်နေသူများ အမြောက်အမြား ရှိနေခြင်းက အခြေအနေမှန်ကို ပြသနေခြင်း ဖြစ်
စက်တင်ဘာ ၁၅ ၊၂၀၁၇
ARSA အစွန်းရောက်အကြမ်းဖက်သမားများသည် သြဂုတ် ၂၅ ရက် နံနက်စောစောအချိန်မှစ၍ မောင်တော ဒေသအတွင်းရှိ နယ်ခြားစောင့် ရဲစခန်း ၃၀ ကျော်အား တစ်ပြိုင်နက်တည်း အင်အားသုံး၍ အလစ်အငိုက် တိုက်ခိုက်ခဲ့သည်။
ထိုသို့ ARSA ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ရခိုင် တိုင်းရင်းသားများနှင့် အစ္စလာမ်ဘာသာဝင်များအပြင် ဟိန္ဒူဘာသာဝင်များ၊ ဒိုင်းနက်လူမျိုးများ၊ မြိုလူမျိုး များ အပါအဝင် အပြစ်မဲ့ပြည်သူများ အသက်ဆုံးရှုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ခဲ့ရပြီး ဒေသခံ တိုင်းရင်းသားပြည်သူများသည် နေရာဒေသအများအပြားသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကညင်တန်းကျေးရွာသို့ ARSA အစွန်းရောက် အကြမ်းဖက်သမား ၆ ဦး သည် စက်တင်ဘာ ၁၁ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် ဓား၊ လေးခွများ ကိုင်ဆောင်၍ ကျေးရွာအတွင်းသို့ ၀င်ရောက်လာပြီး ၎င်းကျေးရွာနေ နူရ်ဟာဆောင်း၏ သားဖြစ်သူ အာလီခါန်းအား ဖမ်းဆီးခေါ်ဆောင်သဖြင့် ကျေးရွာအတွင်းနေထိုင်လျက်ရှိသော ကျေးရွာသားများက ARSA အစွန်းရောက် အကြမ်းဖက်သမားများအား လက်ခံမှုမရှိဘဲ ၀ိုင်းဝန်းဖမ်းဆီးခဲ့မှုသတင်းအား ထုတ်ပြန်ခဲ့သည်။
ARSA အစွန်းရောက်အကြမ်းဖက်သမားများသည် သြဂုတ် ၂၅ ရက် နံနက်စောစောအချိန်မှစ၍ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်တို့အတွင်း အကြမ်း ဖက်တိုက်ခိုက်မှုများကြောင့် မြို့နယ် ၃ မြို့နယ်အတွင်းရှိဘင်္ဂလီများ နေထိုင်သည့် ကျေးရွာ ၄၇၁ ရွာရှိသည့်အနက်မှ ကျေးရွာ ၁၇၆ ရွာမှ ကျေးရွာသူကျေးရွာသားများသည် တစ်ယောက်မကျန်ရွာလုံးကျွတ်ထွက်ပြေးသွားကြောင်း၊ တစ်ဝက်တစ်ပျက် ထွက်ပြေးသွားသည့်ကျေးရွာ ၃၄ ရွာရှိကြောင်း။
၎င်းရွာများသည် အကြမ်းဖက်သမားများနှင့် အဆက်အသွယ်ရှိ/ ပြုနေသည့် ရွာများဖြစ်ပြီး ARSA အစွန်းရောက်အကြမ်းဖက်သမားများ က အကြမ်းဖက်တိုက်ခိုက်ရန် အစီအစဉ်ရှိ၍ အမျိုးသမီးများနှင့်ကလေးသူငယ်များ ကြိုတင်ထွက်ပြေး စေခြင်းများရှိကြောင်း၊ လုံးဝ ထွက်မပြေးသည့်ကျေးရွာ ၂၆၁ ရွာရှိကြောင်း ၊ လတ်တလော ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု ဖြစ်စဉ်များတွင် ပါဝင် ပတ်သက်မှု မရှိသည့် ကျေးရွာများဖြစ်ကြောင်း။
လုံးဝထွက်မပြေးသော ရွာများအနေဖြင့် အကြမ်းဖက်နှင့်အဆက်အသွယ်ရှိသည့် သူများအား ၎င်းတို့ရွာတွင် လက်မခံသည့်အတွက် လုံးဝထွက်ပြေးနှင့် တချို့တစ်ဝက်ထွက်ပြေးသွားကြသည့် ကျေးရွာမှ ဘင်္ဂလီများမှာ တစ်ဖက်နိုင်ငံသို့ ထွက်ပြေး နေကြခြင်း ဖြစ်ကြောင်း။
လုံးဝထွက်ပြေးသူ၊ တစ်ဝက်တစ်ပျက် ထွက်ပြေးသူများသည် ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့တွင် ပါဝင်ခြင်း မရှိသော်လည်း အကြမ်းဖက်မှုဖြစ်စဉ်များတွင် ပါဝင်ပြီး ဖမ်းဆီး၊ အရေးယူခံရမည်ကို ကြောက်၍ တစ်ဘက်နိုင်ငံသို့ ထွက်ပြေးသွားကြခြင်းသာ ဖြစ်ကြောင်း။
ထွက်မပြေးသည့် ကျေးရွာများကို ဥပဒေအတိုင်း အကာအကွယ်ပေးသွားမည်ဖြစ်ပြီး လိုအပ်သည့် စားနပ်ရိက္ခာအကူအညီများ ကို ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း၊ ကျေးရွာသူကျေးရွာသားများအား စိတ်အေးချမ်းသာစွာနေထိုင် နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ နိုင်ငံတကာမှ စွပ်စွဲနေသည့် အခြေအနေမျိုး မရှိကြောင်း၊ အခြေအနေမှန်ကို သိရှိရန်လိုကြောင်း၊ ယင်းအခြေအနေမျိုးမရှိသည်ကို တစ်ဝက်တစ်ပျက်ပြေးနှင့် လုံးဝထွက်မပြေးသည့် ကျေးရွာပေါင်း ၂၉၅ ရွာတွင် နေထိုင်နေကြသည့် ဘင်္ဂါလီများက သက်သေပြနေကြောင်း။
မောင်တော၊ဘူးသီးတောင်နှင့် ရသေ့တောင်မြို့ နယ်များတွင် တိုင်းရင်းသား ကျေးရွာ ၅၀၁ ရွာ ရှိသည့် အနက် ARSA အစွန်းရောက်အကြမ်းဖက်သမား များ၏ အလစ်အငိုက် တိုက်ခိုက်မှုကြောင့် တစ်ချို့တစ်ဝက် ထွက်ပြေးကျေးရွာ ၂၂၉ ရွာရှိကြောင်း၊ အကြမ်းဖက်မှုကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်သွားသည့်ကျေးရွာ ၄ ရွာရှိပြီး ထွက်ပြေးတိမ်းရှောင်ခြင်းမရှိသည့် ကျေးရွာ ၂၆၈ ရွာ ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နယ်မြေစိုးမိုးရေး လုပ်ငန်းများဆောင်ရွက်နေခြင်းကြောင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်လျက်ရှိကြောင်း နှင့်စားနပ်ရိက္ခာနှင့်ထောက်ပံကူညီမှုများကို ကျေးရွာအလိုက် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
(သတင်းထုတ်ပြန်ရေးကော်မတီ)