ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက Arria-Formula အစည်းအဝေးကျင်းပခဲ့ခြင်း
မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်ပြီး ရေတို/ ရေရှည် အစီအမံများ ချမှတ်ဆောင်ရွက်နေကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်က ရှင်းလင်းပြောကြားခဲ့
(၁၃-၁၀-၂၀၁၇ ရက်၊ နယူးယောက်မြို့။)
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့တွင် လက်ရှိ လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သည့် ပြင်သစ်နိုင်ငံနှင့် ဗြိတိန် နိုင်ငံတို့ ပူးပေါင်း၍ Arria-Formula အစည်းအဝေး တစ်ရပ်ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အလွတ်သဘောအစည်းအဝေးတွင် ပူးတွဲကျင်းပသည့်နိုင်ငံများ၏ ဖိတ်ကြားချက်အရ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည့် ယခင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဒေါက်တာကိုဖီအာနန် တက်ရောက်၍ ရခိုင်ပြည်နယ် အခြေအနေများနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပါသည်။ အစည်းအဝေးတွင် လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများ၊ ကုလသမဂ္ဂအေဂျင်စီများဖြစ်သည့် UNHCR, OHCHR, OCHA တို့မှ ကိုယ်စားလှယ်များ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့် တိုက်ရိုက်သက်ဆိုင်သည့် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှ ဒုက္ခသည်များ လက်ခံထားရမှုနှင့် သက်ဆိုင်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အရှေ့တောင်အာရှဒေသတွင်းမှ မလေးရှား၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံ၊ အိုအိုင်စီနှင့် ဥရောပသမဂ္ဂတို့မှ ကိုယ်စားလှယ်များ တက်ရောက်၍ ပါဝင်ဆွေးနွေးပြောကြားကြပါသည်။
အဆိုပါအစည်းအဝေးသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ အထူးကိုယ်စားလှယ်၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း တက်ရောက်ခဲ့ပါသည်။ ဦးသောင်းထွန်းက ရှင်းလင်းပြောကြားရာတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များမှာ ကျယ်ပြန့်စွာ ဆွေးနွေးသုတေသနပြုလုပ်မှုများမှ ရရှိလာသည့် အချက်များဖြစ်ပြီး ရခိုင်ဒေသ ရေရှည်ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင့်လျော်ဆုံး လမ်းပြမြေပုံ တစ်ခုဖြစ်ကြောင်း၊ ယနေ့ မစ္စတာကိုဖီအာနန် ရှင်းလင်းပြောကြားချက်များမှာ မိမိတို့ အကြိမ်ကြိမ်ကြားနေရသည့် ယထာဘူတကျမှု မရှိသည့် ပြောကြားချက်များနှင့် လွန်စွာကွာခြားပါကြောင်း၊ လက်ရှိတွင်လည်း မြန်မာနိုင်ငံအစိုးရအနေဖြင့် တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားသူများအား ၎င်းတို့ဆန္ဒအရ ပြန်လာလိုပါက ပြန်လည်လက်ခံရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ ပေးအပ်နိုင်ရေး၊ နေရပ်စွန့်ခွာထွက်ပြေးရသည့် အသိုက်အဝန်းအားလုံးမှ ထိခိုက်နစ်နာသူများအား ပြန်လည်နေရာချထားရေးနှင့် ရေရှည် လူမှုဘဝဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နိုင်ရန် ရေတို/ ရေရှည်အစီအမံများ ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတွင်းသာမက နိုင်ငံတကာ အသိုက်အဝန်းနှင့်လည်း ပူးပေါင်းဆောင်ရွက်နေကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
Arria-Formula ဆိုသည်မှာ ဗင်နီဇွဲလားနိုင်ငံသည် ၁၉၉၂-၁၉၉၃ ခုနှစ် သက်တမ်းအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းမဟုတ်သည့် အဖွဲ့ဝင်နိုင်ငံအဖြစ် အရွေးချယ်ခံ ရစဉ်က တာဝန်ထမ်းဆောင်ခဲ့သည့် သံအမတ်ကြီး Mr. Diego Arria မှ ၁၉၉၂ ခုနှစ်တွင် စတင်အကြံပြု ကျင့်သုံးခဲ့သည့် ကျင့်ထုံးသစ်တစ်ရပ်ဖြစ်ပါသည်။ ယင်းသို့သော အစည်းအဝေးမှာ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများနှင့် သက်ဆိုင်ရာ ဖိတ်ကြားခံရသည့် နိုင်ငံများ၊ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအကြား ကိစ္စရပ်တစ်ခုအပေါ် လွတ်လပ် ပွင့်လင်းစွာဖြင့် သီးသန့်ဆွေးနွေး အမြင်ချင်းဖလှယ်နိုင်ရေးအတွက် အလွတ်သဘော ကျင်းပပြုလုပ်သည့် ပုံစံတစ်ရပ်ဖြစ်ပါသည်။ သတင်းမီဒီယာများ သတင်းယူခွင့် မပြုသည့်အပြင် မှတ်တမ်း ပြုစုခြင်းလည်း မရှိကြောင်း သိရှိရပါသည်။
အဆိုပါ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ကျင်းပခဲ့သည့် Arria-Formula အစည်းအဝေးတွင် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းပြောကြားခဲ့သည့် မိန့်ခွန်း အပြည့်အစုံ (မြန်မာ+အင်္ဂလိပ်) အား ဖော်ပြအပ်ပါသည်။