နိုုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထရမ် ဒိုင် ကွမ်အား သွားရောက်တွေ့ဆုံ
(၉-၁၁-၂၀၁၇ ရက်နေ့၊ ဒါနန်းမြို့၊ ဗီယက်နမ်နိုင်ငံ)
ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့တွင် တရားဝင်ခရီးရောက်ရှိနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထရမ် ဒိုင် ကွမ်အား ယနေ့ ဒေသစံတော်ချိန်(၁၈၀ဝ)နာရီတွင် ဒါနန်းမြို့ရှိ ဒါနန်း Administration Center ဧည့်ခန်းမ၌ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိ်ုင်ငံအကြား အစဉ်အလာအရ တည်ရှိခဲ့သည့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ရန်၊ အထူးသဖြင့် ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ် Mr. Nguyen Phu Trong ၏ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း နှစ်နိုင်ငံ ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးအဆင့်သို့ မြှင့်တင်နိုင်ခဲ့သည့်ကိစ္စ၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများ ပိုမိုပူးပေါင်းဆောင်ရွက်သွားရန်၊ ကုန်သွယ်ရေး တိုးမြှင့်ရန်နှင့် စိုက်ပျိုးရေးကဏ္ဍ ပိုမိုပူးပေါင်း ဆောင်ရွက်ရန်၊ ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်သွားရန်နှင့် အပြန်အလှန် ကူညီထောက်ပံ့သွားရန်၊ ပြည်သူအချင်းချင်းအကြား ဆက်ဆံရေးတိုးမြှင့်သွားရန် အထူးသဖြင့် လူငယ်များအကြား ဆက်ဆံမှုမြှင့်တင်ရန်နှင့် ခရီးသွားလုပ်ငန်း တိုးမြှင့်ဆောင်ရွက်သွားရန် တို့ကို ခင်မင်စွာရင်းနှီးစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်၊ သံအမတ်ကြီး ဦးကျော်စိုးဝင်းနှင့် တာဝန်ရှိသူများတက်ရောက်ကြကြောင်း သိရှိရပါသည်။
သတင်း - မြန်မာကိုယ်စားလှယ်အဖွဲ့
ဓာတ်ပုံ - သတင်းစဉ်