နေပြည်တော် ဇန်နဝါရီ ၁၆
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်စိစစ် လက်ခံရေး ပူးတွဲလုပ်ငန်းအဖွဲ့၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်၊ နိုင်ငံခြားရေးဝန်ကြီး ဌာန၌ ၁၅-၁-၂၀၁၈ ရက် နံနက် (၀၉၀၀)နာရီမှ ညနေ (၂၀၀၀)နာရီအထိ ကျင်းပခဲ့ပါသည်။ မြန်မာကိုယ်စားလှယ် အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေး အတွင်းဝန် မစ္စတာ မိုဟာမက် ရှာဟီဒူလ် ဟတ်ခ်က လည်းကောင်း ဦးဆောင် ဆွေးနွေး ညှိနှိုင်းခဲ့ပြီး Physical Arrangement for Repatriation of Displaced Myanmar Residents from Bangladesh under the Arrangement on Return of the Displaced Persons from Rakhine State ကို ၁၆-၁-၂၀၁၈ ရက်နေ့တွင် နှစ်ဖက် သဘောတူလက်မှတ်ရေးထိုးခဲ့ပါသည်။
အဆိုပါ Physical Arrangement အရ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည် လက်ခံရေးလုပ်ငန်းစဉ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြန်မာဘက်၌ ကုန်းလမ်းမှ ပြန်လည် ဝင်ရောက် လာမည့်သူများ အတွက် တောင်ပြိုလက်ဝဲ ယာယီလက်ခံရေး စခန်းကို လည်းကောင်း၊ ရေလမ်းမှ ပြန်လည် ဝင်ရောက်လာမည့်သူများ အတွက် ငါးခူရယာယီလက်ခံရေး စခန်းကို လည်းကောင်း၊ ကြားစခန်း အဖြစ် လှဖိုးခေါင် စခန်းကို လည်းကောင်း အသုံးပြု ဆောင်ရွက်မည် ဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်ဘက်၌ ကြားစခန်း (၅)ခုကို အသုံးပြု ဆောင်ရွက်မည် ဖြစ်ပါသည်။ မြန်မာဘက်၌ ယာယီလက်ခံရေး စခန်းတစ်ခုစီတွင် တစ်ပတ်လျှင် (၅)ရက် လက်ခံ ဆောင်ရွက်ပေးမည် ဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်ဘက် အနေဖြင့် ၂၃-၁၁-၂၀၁၇ ရက်တွင် နှစ်ဖက်ဝန်ကြီးများအဆင့် လက်မှတ် ရေးထိုးခဲ့သော Arrangement နှင့်အညီ ၉-၁၀-၂၀၁၆ ရက်နေ့ နှင့် ၂၅-၈-၂၀၁၇ ရက်နေ့ အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားပြီး နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ခွာ သွားသူများအား ပြန်လည် လက်ခံသွားနိုင်ရန် ပုံစံများကို ဖြည့်စွက် ပေးပို့သွားမည် ဖြစ်ပါသည်။
ယင်းသို့ ပြန်လည်လက်ခံရာတွင် ကနဦးစတင်ဆောင်ရွက်သွားနိုင်ရန် ဟိန္ဒူ (၅၀၈)ဦးနှင့် စိစစ်ပြီး မူဆလင် (၇၅၀)ဦးတို့၏ အချက်အလက် အပြည့်အစုံကိုလည်း အစည်းအဝေးအပြီးတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန်သို့ ပေးအပ်ခဲ့ပါသည်။
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ သွားသူများအား ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်ကို ၂၃-၁-၂၀၁၈ ရက်နေ့တွင် စတင် ဆောင်ရွက်ရန်လည်း နှစ်ဖက် သဘော တူညီခဲ့ကြပါသည်။
အစည်းအဝေး၌ ARSA အကြမ်းဖက်အဖွဲ့၏ လတ်တလော လှုပ်ရှား ဆောင်ရွက်မှုများကို အသိပေး ပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ တရားဝင် လမ်းကြောင်းဖြင့် ပေးပို့ထားပြီး ဖြစ်သည့် ARSA အကြမ်းဖက်သမား (၁၀၀၀) ကျော်၏ စာရင်းကိုလည်း ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ် အဖွဲ့သို့ ထပ်မံ ပေးအပ်ခဲ့ပြီး၊ ၁၉၈၀ ပြည့်နှစ် - နှစ်နိုင်ငံ နယ်စပ်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး သဘော တူညီချက်နှင့်အညီ ပြန်လည် လွှဲပြောင်းပေးရန် ပြောကြားခဲ့ပါသည်။ ထို့အပြင် ပြန်လည် လက်ခံရေး လုပ်ငန်းစဉ် ဆောင်ရွက်နေစဉ် အတွင်း ARSA အကြမ်းဖက် သမားများက မလိုလားအပ်သော အနှောင့်အယှက် အဟန့်အတားများ ပြုလုပ် လာနိုင်သဖြင့် နှစ်ဖက် ကြိုတင်ကာကွယ် မှုများ စီမံ ဆောင်ရွက် သွားကြရန်လည်း အသိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Credit: Ministry of Information