နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့အား လက်ခံတွေ့ဆုံ
(၂၂-၁-၂၀၁၈ ရက်၊ နေပြည်တော်)
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုုဝန်ကြီး ဒေါ်အောင်ဆန်းစုုကြည်သည် H.E. Prof. Dr. Surakiart Sathirathai ဦးဆောင် သည့်အဖွဲ့ဝင်(၁၀)ဦးပါ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့အား ယနေ့ (၁၅၀၀)နာရီအချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ယင်းသို့တွေ့ဆုံစဉ် ကိုဖီအာနန်ကော်မရှင်၏ အကြံပြုချက်များ အကောင်အထည်ဖော်ဆောင်ရွက် ရေးနှင့် စပ်လျဉ်းပြီး ရှင်းလင်းပြောကြားခဲ့ပြီး၊ အကြံပေးအဖွဲ့၏ ရှေ့ဆက်ဆောင်ရွက်မည့်ကိစ္စများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။
တွေ့ဆုုံပွဲသိုု့ အတိုင်ပင်ခံရုုံးဝန်ကြီးဌာန ပြည်ထောင်စုုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စုုအစိုုးရအဖွဲ့ရုုံးဝန်ကြီးဌာန ပြည်ထောင်စုုဝန်ကြီး ဦးသောင်းထွန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အပြည်ပြည်ဆိုုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုုဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ယခုတွေ့ဆုံမှုသည် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏ အကြံပေးအဖွဲ့အနေဖြင့် စတင်တည်ထောင်ပြီးချိန်မှစ၍ ပထမဆုံးအကြိမ် လာရောက်တွေ့ဆုံခြင်းဖြစ်ပါသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် အကြံပေးကော်မရှင်သည် အကြံပြုချက် ၈၈ ချက်ပါသည့် အပြီးသတ်အစီရင်ခံစာကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင် ထုတ်ပြန်ခဲ့ပါသည်။ ဖော်ပြပါအကြံပြုချက်များကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်ပြီး၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များနှင့် ပါဝင်ဖွဲ့စည်းထားသည့် ရခိုင်ပြည်နည်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီမှ တာဝန်ယူ အကောင်အထည်ဖော်လျက်ရှိပါသည်။
သို့ပါ၍ ယင်း ကော်မတီကို အထောက်အကူပြုရန်အတွက် ပြည်တွင်းပြည်ပမှ ကျွမ်းကျင်သူများ ပါဝင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏ အကြံပေးအဖွဲ့အား ၁၄-၁၂-၂၀၁၇ ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။
ညနေပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် Dr. Surakiart Sathirathai ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်တွင် ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။