Embassy of the Republic of the Union of Myanmar London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြည်ထောင်စုလွှတ်တော်တွင် ကတိသစ္စာပြုပွဲအခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်
ပြည်ထောင်စုလွှတ်တော်တွင် ကတိသစ္စာပြုပွဲအခမ်းအနား၌ 
ပြောကြားသည့် မိန့်ခွန်း

(၃၀-၃-၂၀၁၈ ရက်နေ့)

လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယကကြီးနှင့်တစ်ကွ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တက်ရောက်လာကြသော ဂုဏ်သရေရှိဧည့်သည်တော်များနဲ့ နိုင်ငံသူ နိုင်ငံသားများအားလုံး ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ် ခင်ဗျား၊
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ပေးကြတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် များနဲ့ ဝိုင်းဝန်းအားပေးကြတဲ့ မိဘပြည်သူများအားလည်းကောင်း၊ ဒီကနေ့ ပြည်ထောင်စု လွှတ်တော်ကြီးမှာ နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုခဲ့ရပြီးနောက် ခုလို မိန့်ခွန်းပြောကြားခွင့် ရရှိတဲ့အတွက်လည်းကောင်း ကျေးဇူးဥပကာရ အထူးတင်ရှိပါကြောင်း ဦးစွာပဏာမ ပြောကြားလို ပါတယ်။ 
ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံသူ၊ နိုင်ငံသားများခင်ဗျား-
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ်မှာ ယုံကြည်စွာနဲ့ ထောက်ခံမှုပေးအပ်ခဲ့ကြတဲ့ နိုင်ငံတစ်ဝှမ်းလုံးက ပြည်သူတွေအားလုံးကို အလေးအမြတ်ပြုလျက် ကျွန်တော့်အနေနဲ့ ထမ်းဆောင်ရမယ့်တာဝန်တွေကို တော်တည့်မှန်ကန် လေးနက်တည်ကြည်စွာနဲ့ ထမ်းရွက်သွားမှာ ဖြစ်ပါတယ်။ 
ဒီကနေ့ ကျွန်တော်တို့နိုင်ငံဟာ အဖက်ဖက်မှာ လိုအပ်ချက်တွေနဲ့ ဆင်းရဲနွမ်းပါးဆဲဖြစ် တာကြောင့် နေရာ၊ ကဏ္ဍအသီးသီးမှာ အများကြီး ဆက်လက်ရုန်းကန် ကြိုးပမ်းကြရဦးမှာ ဖြစ်ပါ တယ်။ နိုင်ငံတကာမျက်နှာစာမှာလည်း ဖိအားပေးမှုတွေ၊ ဝေဖန်မှုတွေနဲ့ အထင်အမြင်လွဲမှားနေတာ တွေလည်း ရင်ဆိုင်နေရပါတယ်။ ကျွန်တော်တို့နိုင်ငံနဲ့ ကျွန်တော်တို့ ပြည်သူတွေ ဒီကနေ့တွေ့ကြုံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကလည်း မနည်းလှပါဘူး။ အရာရာတိုင်းကို လွယ်လင့် တကူ ဖြေရှင်းနိုင်မှာ မဟုတ်ပေမယ့်လည်း ကျွန်တော်အနေနဲ့ အစွမ်းကုန်ကြိုးပမ်းအားထုတ်ပြီး ဦးစားပေးကဏ္ဍအလိုက် ဖြေရှင်းဆောင်ရွက်သွားရမှာပဲ ဖြစ်ပါတယ်။

နိုင်ငံသူ၊ နိုင်ငံသားများခင်ဗျား- 
ကျွန်တော့်အနေနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဦးစားပေး ရည်မှန်းချက်ပန်းတိုင်တွေ ဖြစ်တဲ့-
(၁) တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူများရဲ့ လူမှု-စီးပွားဘဝ တိုးတက်မြင့်မားရေး၊
(၂) အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊
(၃) ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ် ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး
တို့ကို ဦးတည်ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ 
ဒါ့အပြင် ဒီနေ့၊ ဒီအချိန်အခါဟာ ဒီမိုကရေစီကျင့်စဉ်နဲ့အညီ ခေတ်ပြောင်းစနစ်ပြောင်းကာလ ဖြစ်ပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလရဲ့ အစပဲ ရှိပါသေးတယ်။ ဒီပြောင်းလဲမှု ဖြစ်စဉ်ကြီး အောင်မြင်ချောမွေ့စေရန် ပြည်သူ၊ ပြည်သားများနဲ့ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်း များ အားလုံးရဲ့ ပုံစံကျနေတဲ့ အတွေးအမြင်တွေ၊ ပုံသေကားချပ် အလေ့အထတွေအားလုံးကို ပြုပြင် ပြောင်းလဲပေးကြရန် အထူးလိုအပ်လှပါတယ်။ ပြုပြင်ပြောင်းလဲမှု နှောင့်နှေးနေတဲ့ ဌာနဆိုင်ရာအဖွဲ့ အစည်းများကို ကြပ်မတ်ရပါလိမ့်မယ်။ ယိမ်းယိုင်နေတဲ့တရားစီရင်ရေးကို တည့်မတ်ရပါလိမ့်မယ်။ အဂတိလိုက်စားမှုကို ပိုမိုတိုက်ဖျက်ရပါလိမ့်မယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းများကို မြှင့်တင်ကာကွယ် ရပါလိမ့်မယ်။ မူးယစ်ဆေးဝါးကို ပိုမိုနှိမ်နင်းရပါလိမ့်မယ်။ ပြည်သူ့ဘဏ္ဍာငွေများ အလေအလွင့် ဆုံးရှုံးမှုမရှိစေရန် စီမံခန့်ခွဲရပါလိမ့်မယ်။ ဥပဒေမဲ့ သိမ်းဆည်းခံခဲ့ရတဲ့ လယ်ယာမြေများ ပြန်လည်ရရှိရေး၊ လျော်ကြေး၊ နစ်နာကြေးရရှိရေးတို့ကို ဥပဒေနဲ့အညီ ဆောင်ရွက်ရပါလိမ့်မယ်။ တောင်သူလယ်သမားများရဲ့ လူနေမှုဘဝ မြင့်မားတိုးတက်ရေး၊ အလုပ်သမားများရဲ့ဘဝ သာယာ စိုပြေရေး၊ ကျောင်းသားလူငယ်များ အဆင့်မြင့်ပညာရပ်များ ဆည်းပူးခွင့်ရရှိရေး စသည်တို့ကို ဖော်ဆောင်ရပါလိမ့်မယ်။
နိုင်ငံသူ နိုင်ငံသားများ ခင်ဗျား-
ကျွန်တော်တို့အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အပ်နှင်းထားတဲ့ အခွင့်အာဏာကို တတ်နိုင်သမျှ ပိုင်းခြားကျင့်သုံးနေကြတဲ့ မဏ္ဍိုင်ကြီး သုံးရပ်အကြားမှာ အပြန်အလှန်လေးစားမှု၊ အပြန်အလှန်နားလည်မှု၊ အပြန်အလှန်ယုံကြည်မှုတွေနဲ့ ပြည်သူတွေအကျိုးအတွက် ပူးပေါင်း ဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။ ဒါ့အပြင် ပြည်သူတွေရဲ့ နားတွေ၊ မျက်စေ့တွေ ဖြစ်တဲ့ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍကို အလေးအနက်ထားကြဖို့၊ ကျွန်တော်တို့ အလုပ် အကျွေးပြုရမယ့် နိုင်ငံသူနိုင်ငံသားတွေရဲ့ ပြည်သူ့မဏ္ဍိုင်ကို အလေးအမြတ်ပြုကြဖို့ တစ်ဆက် တည်းမှာပဲ တိုက်တွန်းပြောကြားလိုပါ တယ်။ 
ကျွန်တော်တို့ရဲ့ နိုင်ငံသူ နိုင်ငံသားတွေ မျှော်လင့်တောင့်တနေတဲ့ လိုအင်ဆန္ဒတွေကို အတတ် နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်ဖို့ မဏ္ဍိုင်ကြီးတွေအလိုက် ကျွန်တော်တို့အားလုံး ဆတက်ထမ်းပိုး ကြိုးပမ်း ကြရဦးမှာ ဖြစ်ပါတယ်။ အလားတူ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့အလယ်မှာ ကျွန်တော်တို့ နိုင်ငံရဲ့ပုံရိပ် ပြန်လည်တောက်ပမြင့်မားလာအောင်၊ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာ ပို၍ပို၍ မြင့်တက်လာအောင် ကျွန်တော်တို့အားလုံး ဆက်လက်ပြီး ကြိုးစားကြရဦးမှာ ဖြစ်ပါတယ်။ 
ကျွန်တော်တို့ ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ကြိုးနီစနစ်တွေ၊ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွင်း လှိုက်စားနေတဲ့ အဂတိလိုက်စားမှုတွေကို စနစ်တကျ တိုက်ဖျက်သွားပြီး ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေရဲ့ စာရိတ္တမဏ္ဍိုင်ကို ခိုင်မာအောင် ကြိုးပမ်းဆောင်ရွက်သွားကြ ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ပြည်ထောင်စုအစိုးရအဖွဲ့အနေနဲ့ ကျွန်တော်တို့ တွေ့ကြုံခဲ့ရတဲ့ အတိတ်က အဖြစ်အပျက်တွေ၊ ကျော်လွှားဖြတ်သန်းခဲ့ရတဲ့ အကျပ်အတည်းတွေ၊ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေကို သင်ခန်းစာယူပြီး ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက် မိဘပြည်သူများ လိုလားတောင့်တနေကြတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို မျက်ခြည်ပြတ်မခံပဲ အဂတိတရားကင်းရှင်းစွာဖြင့် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
နိုင်ငံသူ၊ နိုင်ငံသားများခင်ဗျား-
နိဂုံးချုပ်အနေနဲ့ ကျွန်တော့်အနေနဲ့ ပြည်သူတွေ မြင်ချင်တွေ့ချင်တဲ့ အပြောင်းအလဲတွေကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်အောင် ကျွန်တော်တို့ရဲ့ ပြည်သူတွေနဲ့အတူ မမှိတ်မသုန် ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အလေးအနက် ကတိပြုပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။

Announcements

Friday 03, July, 2020 ပုံစံ ၁၅

Latest Updates

Wednesday 07, October, 2020 Notice regarding Consular and Visa services

Activities