ရခိုင်ပြည်နယ်ဆိုင်ရာ နေ့စဉ်သတင်းအကျဉ်းချုပ် (အင်္ဂလိပ်+မြန်မာ) အား ဖော်ပြအပ်ပါသည်။
(နေပြည်တော်၊၁၁-၄-၂၀၁၈ ရက်)
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာ
နေပြည်တော်၊ ဧပြီ ၁၀
နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံဘက်မှ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းအသိပေးရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မြို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ယနေ့ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၌ အဖွဲ့ဝင်များအဖြစ် UEHRD ညှိနှိုင်းရေးမှူးချုပ် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်နှင့် တာဝန်ရှိသူများ လိုက်ပါသွားသည်။
(သတင်းစဉ်၊ မြန်မာ့အလင်း)
--------------------------------------
မောင်တော်မြို့နယ် အင်းဒင်ကျေးရွာအုပ်စု ပဲရုံ(နတလ)ကျေးရွာ သုဿန်အနီး ဖမ်းဆီးရမိ အကြမ်းဖက် သမား ၁၀ ဦးသေဆုံးမှုနှင့်ပတ်သက်၍ ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် အရာရှိ၊ စစ်သည်များအား ပြစ်ဒဏ် များ ချမှတ်
နေပြည်တော်၊ ဧပြီ ၁၀
ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာအနီး ဖမ်းဆီးရမိ အကြမ်းဖက်သမား ၁၀ ဦးအပေါ် ဥပဒေနှင့်အညီ ဖမ်းဆီးချုပ်နှောင်တရားစွဲဆို၍ ပြစ်ဒဏ်ချမှတ်မှု လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ခြင်းမရှိဘဲ အင်းဒင် ကျေးရွာနေ တိုင်းရင်းသားပြည်သူအချို့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဌာနေတိုင်းရင်းသားများ၏ စိတ်ခံစား နာကျည်းချက်အပေါ် အခြေခံ၍ ဥပဒေမဲ့သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါသည်။
အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း ဦးဆောင် သော စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်မှ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်အထိ တပ်မတော်မှ အရာရှိ၊ စစ်သည် ၂၁ ဦး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် သုံးဦး၊ အမှတ်(၈) လုံခြုံရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၁၃ ဦး၊ ဌာနဆိုင်ရာဝန်ထမ်း ခြောက်ဦးနှင့် အင်းဒင်ရွာသား ခြောက်ဦး တို့ကို အသေးစိတ် စိစစ်စစ်ဆေးမေးမြန်းခဲ့ရာ ဥပဒေမဲ့ ပြစ်မှုကျူးလွန်ခဲ့သည်မှာ မှန်ကန်ကြောင်း စစ်ဆေးတွေ့ရှိရပြီး ဖြစ်စဉ်မှန်အား ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။
အဆိုပါ ဥပဒေမဲ့ပြစ်မှု ကျူးလွန်ခဲ့ကြသူများအနက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အရပ်သားများအား သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းများနှင့်အညီ အရေးယူဆဲဖြစ်ပြီး တပ်မတော် အက်ဥပဒေ၊ နည်းဥပဒေကို လိုက်နာရသည့် တပ်မတော်မှ အရာရှိစစ်သည် ခုနှစ်ဦးတို့အား တပ်မတော် အက်ဥပဒေပုဒ်မ(၇၁) နယ်ဘက်ပြစ်မှုတစ်ရပ်ဖြစ်သော လူသတ်မှုကို ကျူးလွန်ရာတွင် ပူးပေါင်းပါဝင် ခဲ့ကြောင်း တွေ့ရှိရသဖြင့် ပြစ်မှုကျူးလွန်သူ အရာရှိလေးဦးအား ရှုတ်ချ၍ အမြဲတမ်းထုတ်ပစ်စေရန်နှင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်အား နယ်ဘက်အကျဉ်းထောင်တွင် ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့ ကြောင်းနှင့် အခြားအဆင့် စစ်သည်သုံးဦးအား တပ်သားအဆင့် လျှော့ချ၍ အမြဲတမ်းထုတ်ပစ်ရန်နှင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်အား နယ်ဘက်အကျဉ်းထောင်တွင် ကျခံစေရန်ဟု ပြစ်ဒဏ် အသီးအသီး ချမှတ်ခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။
(သတင်းစဉ်၊ မြန်မာ့အလင်း)