Embassy of the Republic of the Union of Myanmar London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် နှစ်နိုင်ငံအကြား ပြန်လည် လက်ခံရေးဆိုင်ရာ သဘောတူညီချက်နှင့်အညီ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရန် ဆောင်ရွက်လျက်ရှိ၊ မိမိတို့ဆန္ဒအလျောက် ပြန်လည်လာရောက်မည့်သူများကို မြန်မာနိုင်ငံအနေဖြင့် လက်ခံရန် အသင့်ရှိ

၂၅-၈-၂၀၁၇ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် နှစ်နိုင်ငံအကြား ပြန်လည် လက်ခံရေးဆိုင်ရာ သဘောတူညီချက်နှင့်အညီ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရန် ဆောင်ရွက်လျက်ရှိ၊ မိမိတို့ဆန္ဒအလျောက် ပြန်လည်လာရောက်မည့်သူများကို မြန်မာနိုင်ငံအနေဖြင့် လက်ခံရန် အသင့်ရှိ
(၂၀-၄-၂၀၁၈ ရက်၊ နေပြည်တော်)

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ခ်ဘဇားနှင့် ဒါကာမြို့သို့ ၁၁-၄-၂၀၁၈ ရက်မှ ၁၃-၄-၂၀၁၈ ရက်အထိ သွားရောက်ခဲ့သည့် ခရီးစဉ်နှင့်စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင် ၁၉-၄-၂၀၁၈ ရက် ၁၀၀၀ နာရီမှ ၁၂၀၀ နာရီအထိ ကျင်းပခဲ့ပါသည်။

သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သော ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီအထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါက်တာဒေါ်သက်သက်ဇင်၊ မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည်ရေး အသင်းမှ ဦးတင်မြင့်၊ ဦးသန်းလွင်၊ ဒေါက်တာလှထွန်းတို့ တက်ရောက်ခဲ့ပါသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးအစီအစဉ်ကို မိမိတို့အနေဖြင့် ဆောလျင်စွာနှင့် ထိရောက်မှုရှိစွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အချိန်မီ ဆောင်ရွက်နိုင်ရေးအတွက် ပြန်လာရန် ဆန္ဒရှိသူများ ဖြစ်သည့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူ ဟိန္ဒူဘာသာဝင် (၅၀၀)ဦးကျော်ကို မိမိတို့အစီအစဉ်ဖြင့် ရွေးချယ်စိစစ်အတည်ပြုခဲ့ပြီးဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဘက်မှ သက်ဆိုင်ရာတာဝန်ရှိသူများက အဆိုပါဟိန္ဒူ ဘာသာဝင်များကို ပြန်လည်ပို့ဆောင်မည့် ပထမအသုတ်၏ နောက်ဆုံးအပိုင်းတွင်မှ ပြန်လည်ပို့ဆောင်မည်ဟု မိမိတို့အား ပြောကြားခဲ့ကြောင်း၊ သို့ဖြစ်၍ မိမိတို့ဘက်မှ စိစစ်အတည်ပြုပြီးသည့် မွတ်စလင်ဘာသာဝင် (၇၅၀) စာရင်းနှင့်အတူ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပေးပို့ခဲ့ကြောင်း၊ မည်သည့်ပြန်ကြားချက်မျှ မရရှိသေးကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်း သွားရောက်ခဲ့သည့် ပြည်ထဲရေးဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူ (၈၀၃၂) ဦးအတွက် ဖြည့်စွက်ထားသည့် ဖောင်ပုံစံများကို မြန်မာ ကိုယ်စားလှယ်အဖွဲ့မှ လက်ခံရရှိခဲ့ကြောင်း၊ မိမိတို့အနေဖြင့် အဆိုပါပုံစံများအား ချက်ချင်း စိစစ်ခဲ့ရာ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးဆိုင်ရာ လက်တွေ့အသုံးချအစီအစဉ် (Physical Arrangement for Repatriation of Displaced Myanmar Residents from Bangladesh) အရ နှစ်ဖက်သဘောတူညီထားသည့် ပုံစံအတိုင်း ဖြည့်စွက်ထားခြင်း မရှိသည်ကို တွေ့ရှိရကြောင်း၊ အထူးသဖြင့် အဆိုပါပုံစံများတွင် လက်မှတ်၊ လက်ဗွေရာ များနှင့် သင့်လျော်ကောင်းမွန်သည့် ဓါတ်ပုံများ ပါဝင်လာခြင်း မရှိသည်ကို တွေ့ရှိရကြောင်း၊ စိစစ်ရာတွင် အခက်အခဲရှိ၍ နေရပ်စွန့်ခွာသူများက ဆန္ဒအလျောက် လုံခြုံစွာနှင့် ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေးအတွက် မှန်မှန်ကန်ကန် ဖြည့်စွက်ထားသည့် ပုံစံများကို သံတမန်လမ်းကြောင်းမှတစ်ဆင့် ပြန်လည်ပေးပို့ပေးပါရန် ဘင်္ဂလားဒေ့ရှ်ဘက်သို့ (၃)ကြိမ်တိုင်တိုင် မေတ္တာရပ်ခံတောင်းဆိုခဲ့ကြောင်း၊ ရရှိသည့် အချက်အလက်များဖြင့် မိမိတို့ဘက်အနေဖြင့် စိစစ်ခဲ့ ကြောင်း၊ ၎င်းတို့ ပေးအပ်သည့် စာရင်းများထဲမှ (၆၀၀) ဦးကျော်သည် ရခိုင်ပြည်နယ်တွင် နေထိုင်ခဲ့သည့် အထောက် အထားများ တွေ့ရှိခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဘက်သို့ အသိပေးထားပြီးဖြစ်ကြောင်းဖြင့် ထည့်သွင်းပြောကြားခဲ့ပါသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက စိစစ်အတည်ပြုပြီးသော ပြန်လာရန်ဆန္ဒရှိသူများကို လက်ခံရန် အဆင်သင့်ဖြစ်နေပြီး၊ လိုအပ်သော ပြင်ဆင်မှုများကိုလည်း ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ပြန်လည်လက်ခံရေးကို အမြန်ဆုံး စတင်လိုသည့် အတွက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ကော့ခ်ဘဇားရှိ နေရပ်စွန့်ခွာနေထိုင်သူစခန်းများသို့ သွားရောက်၍ ၎င်းတို့နှင့် တွေ့ဆုံကာ ပြန်လည်ဝင်ရောက်ရန် တိုက်တွန်းသွားခြင်းသည် သင့်လျော်ကောင်းမွန်သော နည်းလမ်းဟု ယူဆပါကြောင်း၊ ထို့ကြောင့် ခရီးစဉ် စီစဉ်သွားရောက်ခဲ့ပါကြောင်း၊ အဆိုပါ ခရီးစဉ်တွင် ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးလည်း လိုက်ပါရန် ဖိတ်ကြားခဲ့ကြောင်း၊ လိုက်ပါနိုင်ခြင်း မရှိခဲ့ကြောင်း၊ နော်ဝေသံအမတ်ကြီး သည်လည်း လိုက်ပါရန် စီစဉ်ပြီးမှ လိုက်ပါမည့် သံတမန်သည် ၎င်း တစ်ဦးတည်းဖြစ်နေသည့်အတွက် လိုက်ပါနိုင်ခဲ့ခြင်း မရှိကြောင်း၊ ကော့ခ်ဘဇားခရီးစဉ်အတွင်း အဆိုပါ ဟိန္ဒူဘာသာဝင်(၅၀၈) ဦး၊ မွတ်စလင် (၇၅၀) ဦးနှင့် စိစစ် အတည်ပြုပြီးဖြစ်သော အဆိုပါ (၆၀၀) ဦး ကျော်တို့နှင့် တွေ့ဆုံရန် မေတ္တာရပ်ခံခဲ့သော်လည်း တွေ့ဆုံခွင့် မရရှိခဲ့သည့် အတွက် များစွာ စိတ်ပျက်မိပါကြောင်း၊ ကိုယ်စားလှယ်အဖွဲ့ရောက်ရှိခဲ့သည့် စခန်းရှိ နေရပ်စွန့်ခွာသူများအား မြန်မာဘက်မှ ဆောင်ရွက်ထားသည့် ပြန်လည်လက်ခံရေးအတွက် ပြင်ဆင်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ ပါကြောင်း၊ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခွင့်ရရှိသူများက ၎င်းတို့အနေဖြင့် ပြည်လည်လက်ခံရေးအတွက် ဖြည့်စွက်ရ မည့် မည်သည့်ပုံစံကိုမျှ လက်ခံရရှိထားခြင်း မရှိကြောင်းနှင့် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကိုလည်း သိရှိနားလည် ထားခြင်း မရှိပါကြောင်း ပြောကြားလာကြောင်း၊ ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနှင့် ပြည်ထဲရေး ဝန်ကြီးတို့နှင့် တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်လည်ပေးပို့ခဲ့သည့် ပုံစံများသည် နှစ်ဖက်သဘောတူညီထားသည့် ပုံစံအတိုင်း ဖြည့်စွက်ထားခြင်း မရှိကြောင်းကိုလည်း ပြောကြားခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးသည် ယင်းသို့ ဖြည့်စွက်ထားခြင်း မရှိသည်ကို ယင်းအချိန်မှ သိရှိရသည့်အတွက် မြန်မာဘက်အနေဖြင့် အံသြရပါကြောင်း၊ နှစ်ဖက်သဘောတူညီထားသည့် ပုံစံအတိုင်း မကြာမီ ပြန်လည်ပေးပို့ပေးမည်ဟု ပြောကြားခဲ့ကြောင်း၊ ၎င်းတို့ဘက်မှ ပေးပို့သည့် (၈၀၃၂) ဦး၏ပုံစံသည် ကာယကံရှင်များ မသိရှိဘဲ၊ ရပ်မိရပ်ဖ ခေါင်းဆောင်များ၏ အစီအစဉ်ဖြင့် ပေးပို့ခဲ့ခြင်း ဖြစ်သည်ဟု ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြား ရေးဝန်ကြီးဌာန အရာထမ်းများ၏ အလွတ်သဘော ပြောကြားမှုအရ သိရှိရကြောင်း၊ နှစ်ဖက်သဘောတူညီထားသည့် သတ်မှတ်ထားသောပုံစံတွင် ဖြည့်စွက်ရေးသည် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် စတင်နိုင်ရေးအတွက် များစွာ အရေးကြီးကြောင်း၊ ကော့ခ်ဘဇားရှိ စခန်းများ၏ အနေအထားသည် လွန်စွာ ဆိုးရွားသည်ဟု သိရှိရကြောင်း၊ ဆောလျင်စွာ စိစစ်ပြီး ပြန်လည်လက်ခံလိုပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ခရီးစဉ် သွားရောက်ရသည့် ရည်ရွယ်ချက်၊ ပြန်လည်လက်ခံရေးအတွက် အဆင့်သင့်ရှိမှု၊ NVC ကတ် ကိုင်ဆောင်ခြင်း၏ အကျိုးရလဒ်များကို ရှင်းလင်းပြောကြား၍ ကော့ခ်ဘဇားခရီးစဉ်အတွင်း မိမိတို့ တွေ့ဆုံရန် မေတ္တာရပ်ခံသူများနှင့် တွေ့ဆုံခွင့် မရရှိခဲ့ကြောင်း၊ နေရပ်စွန့်ခွာနေထိုင်သူများစခန်းတွင် နေရပ်စွန့်ခွာသူ အချို့နှင့် တွေ့ဆုံခဲ့ကြောင်း၊ မြန်မာစကား ကောင်းစွာပြောတတ်သူအချို့ ပါဝင်ကြောင်း၊ ပြန်လည်လက်ခံရေးနှင့် စပ်လျဉ်း၍ ပုံစံဖြည့်စွက်ရမည့် အချက်အလက်များကို မသိရှိကြကြောင်း၊ မည်သူကမျှလည်း လာရောက်ပြောဆိုခြင်း မရှိဟု သိရှိရကြောင်း၊ တွေ့ဆုံသူများအားလုံးက မြန်မာနိုင်ငံသို့ ပြန်လာလိုသည်ဟု ပြောကြားကြကြောင်း၊ ဒါကာမြို့တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးတို့နှင့် တွေ့ဆုံခဲ့ကြောင်း၊ ရလဒ်ကောင်းရရှိသည့် တွေ့ဆုံမှု ဖြစ်ကြောင်း၊ နှစ်ဖက်သဘောတူညီထားသည့်ပုံစံဖြင့် ပေးပို့ခြင်း မဟုတ်သည်ကို နိုင်ငံခြားရေးဝန်ကြီး သိရှိသွားခဲ့ ကြောင်း၊ ပုံစံအမှန်တွင် ဖြည့်စွက်၍ ဆောလျင်စွာ ပေးပို့ပေးမည်ဟု ပြောကြားခဲ့ကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

UEHRD ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်က မိမိတို့ သွားရောက်သည့် ကော့ခ်ဘဇား ခရီးစဉ်အတွင်း ဒါကာမြို့ရှိ၊ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများမှ သံတမန်များ လိုက်ပါရန် စီစဉ်ခဲ့သော်လည်း၊ လေယာဉ်လက်မှတ် အဆင်မပြေ၍ လိုက်ပါနိုင်ခြင်း မရှိခဲ့ကြောင်း၊ မိမိတို့ခရီးစဉ်၏ ရည်ရွယ်ချက်မှာလည်း ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အမြန်ဆုံး စတင်နိုင်ရေး အတွက်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်အစိုးရမှ တာဝန်ရှိသူများ၊ နေရပ်စွန့်ခွာသူများနှင့် တွေ့ဆုံဆွေးနွေး ပြောကြားရန်ဖြစ်ကြောင်း၊ ပြန်လည်လက်ခံရေးအတွက် လိုအပ်သည်ပုံစံများ ဖြည့်စွက်ရန် မသိရှိကြ သည့်အချက်မှာ အံ့သြစရာဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံမှုသည် ခရီးစဉ်၏ အဓိက အရေးပါသည့် တွေ့ဆုံမှုဖြစ်ခဲ့ကြောင်း၊ မိမိ အဓိကပြောကြားလိုသည်မှာ မြန်မာဘက်အနေဖြင့် ပြန်လည်လက်ခံရန် အသင့်ရှိနေပြီဖြစ်ကြောင်း၊ ပြန်လည်လက်ခံရေးအတွက်သာမက ပြန်လည်လာရောက်သူများ အသက်မွေးဝမ်းကျောင်း အတွက်လည်း ပြင်ဆင်ထားရှိပါကြောင်း၊ ခရီးစဉ်အတွင်း ကိုယ်စားလှယ်အဖွဲ့၏ ပြောကြားချက်များကို သတင်းမီဒီယာ များက လွဲမှားစွာ ဖော်ပြခဲ့မှုများရှိကြောင်း၊ သတင်းမီဒီယာ၏ ပူးပေါင်းဆောင်ရွက်မှုမှာ အရေးကြီးပါကြောင်း၊ ကိုယ်စား လှယ်အဖွဲ့အနေဖြင့် နေရပ်စွန့်ခွာသွားသူများက ၎င်းတို့ဆန္ဒအလျှောက်၊ လုံခြုံစွာနှင့် ဂုဏ်သိက္ခာရှိစွာ ပြန်လည် လက်ခံနိုင်ရေးအတွက် စိတ်ရင်းအမှန်ဖြင့် ကြိုဆိုခဲ့ပါကြောင်း၊ ပြန်လည်လာရောက်မည့်သူများကို ကြိုဆိုပါကြောင်း၊ ပြန်လည်လက်ခံရန် အသင့်ရှိပြီဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်သက်သက်ဇင်နှင့် ဘာသာပေါင်းစုံ ညီညွတ်ရေးအဖွဲ့ဝင်များဖြစ်ကြသည့် ဦးတင်မြင့်၊ ဦးသန်းလွင်၊ ဒေါက်တာလှထွန်းတို့မှ ခရီးစဉ်နှင့်ပတ်သက်၍ ၎င်းတို့၏ အတွေ့အကြုံများကို ရှင်းလင်းပြောကြားရာ၊ မိုးရာသီ ရောက်တော့မည်ဖြစ်၍ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် စတင် နိုင်ရန် အရေးကြီးကြောင်း၊ ခရီးစဉ်၏ အဓိကရည်ရွယ်ချက်မှာ ပြန်လည်လာရောက်ရေးအတွက် ရှင်းလင်းပြောကြားရန် ဖြစ်ကြောင်း၊ ဘာသာရေးခေါင်းဆောင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံရန် မေတ္တာရပ်ခံခဲ့သော်လည်း တွေ့ဆုံခဲ့ရခြင်း မရှိပါကြောင်း၊ သတ်မှတ်ထားသည့် ပုံစံများတွင် ဖြည့်စွက်၍ ပေးပို့ပေးရေးအတွက် ကူညီပေးရန် မေတ္တာရပ်ခံ လိုပါကြောင်း၊ ကော့ခ်ဘဇားရောက်ရှိနေသည့် ဟိန္ဒူများနှင့် တွေ့ဆုံရန် မေတ္တာရပ်ခံခဲ့သော်လည်း၊ ၎င်းတို့နေရာသည် ဝေးလံသည့်အတွက် စီစဉ်ပေးနိုင်ခြင်း မရှိဟု တစ်ဖက်မှ ပြောကြားခဲ့ကြောင်း၊ ပြီးမှ ပြန်လည် သိရှိရသည်မှာ မိမိတို့ သွာရောက်ခဲ့သည့် စခန်းမရောက်မီ ၎င်းတို့ နေထိုင်သည့် စခန်းရှိသည်ဟု သိရှိရ၍ မတွေ့ဆုံနိုင်ခဲ့သည်ကို လွန်စွာ ယူကြုံးမရ ဖြစ်မိကြောင်း၊ ၎င်းတို့အနေဖြင့် ပုံစံများ ဖြည့်စွက်ရန်အတွက်ပုံစံ လာရောက်ပေးခြင်း မရှိသေးကြောင်း၊ မြန်မာဘက်မှလည်း လက်ခံရန် အသင့်ရှိနေသည့်အတွက် ဟိန္ဒူဘာသာဝင်များ အမြန်ဆုံး ပြန်လာရေးအတွက် ကူညီ ဆောင်ရွက်ပေးရန် ဘင်္ဂလားဒေ့ရှ်အစိုးရ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို မေတ္တာရပ်ခံပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသူများမှ မေးမြန်းလာသည့် မေးခွန်းများအပေါ် ကိုယ်စားလှယ်အဖွဲ့ဝင်များက ပြန်လည်ဖြေကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် တက်ရောက်လာသူများအား ကျေးဇူးတင်ရှိပါကြောင်း၊ ၂၅-၈-၂၀၁၇ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ယင်းဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အမြန်ဆုံး စတင်လိုပါကြောင်း၊ နှစ်နိုင်ငံအကြား ပြန်လည်လက်ခံရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီး ဖြစ် ကြောင်း၊ ယင်း သဘောတူညီချက်နှင့်အညီ ပြန်လည်လက်ခံရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ဆန္ဒအလျှောက်၊ လုံခြုံစွာနှင့် ဂုဏ်သိက္ခာရှိစွာ ပြန်လည်လာရောက်ရေးမူနှင့်အညီ မြန်မာဘက် အနေဖြင့် ၎င်းတို့ဆန္ဒအလျောက် ပြန်လည် လာရောက်မည့်သူများကို လက်ခံရန် အသင့်ရှိကြောင်း၊ ပြန်လည်လာရောက်လိုသူများကို ပြန်လည်လာရောက်ခွင့်ပြု သင့်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

အဆိုပါ သတင်းစားရှင်းလင်းပွဲသို့ ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များ၊ ကုလသမဂ္ဂအေဂျင်စီများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပမီဒီယာများမှ သတင်းသမားများ တက်ရောက်ခဲ့ကြ ကြောင်း သိရှိရပါသည်။

Announcements

Latest Updates

Thursday 08, November, 2018 Invest Myanmar Summit 2019

Activities