Embassy of the Republic of the Union of Myanmar London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ မြန်မာအမြဲတမ်းကိုယ်စားလှယ် မိန့်ခွန်းပြောကြားခဲ့ (၁၅-၅-၂၀၁၈ ရက်၊ နေပြည်တော်

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ မြန်မာအမြဲတမ်းကိုယ်စားလှယ် မိန့်ခွန်းပြောကြားခဲ့
(၁၅-၅-၂၀၁၈ ရက်၊ နေပြည်တော်)

၂၀၁၈ခုနှစ်၊ ဧပြီလ ၂၈ရက်မှ ၃၀ ရက် နံနက်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဧပြီ ၃၀ ရက်မှ မေလ ၁ ရက်အထိ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများ၏ ခရီးစဉ်များနှင့်ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ မေလ ၁၄ ရက် မွန်းလွဲ ၁၅၀၀ နာရီအချိန်တွင် တံခါးဖွင့်ရှင်းလင်းပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ရာ၊ လက်ရှိအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ပိုလန်နိုင်ငံက အစည်းအဝေးကို ဦးဆောင်ကျင်းပပြီး ခရီးစဉ်များ ဦးဆောင်စီစဉ်သည့် ကူဝိတ်၊ ပီရူးနှင့် ယူကေတို့က ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံ ခရီးစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်သည့် လုံခြုံရေးကောင်စီဝင်နိုင်ငံများ ဖြစ်ကြသော တရုတ်၊ အမေရိကန်၊ ဆွီဒင်၊ ပြင်သစ်၊ ကာဇက်စတန်၊ အီကွေတိုရီးယားဂီနီ၊ ရုရှား၊နယ်သာလန်၊ ပိုလန်နိုင်ငံတို့က ဆွေးနွေးခဲ့ကြပါသည်။

ကောင်စီအဖွဲ့ဝင်များ ဆွေးနွေးမှုအပြီးတွင် ကောင်စီ၏ လုပ်ထုံးလုပ်နည်းအမှတ်၊ ၃၇ အရ သက်ဆိုင်ရာ နိုင်ငံများ ဖြစ်ကြသည့် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ အမြဲတမ်းကိုယ်စားလှယ်များကလည်း ပါဝင်ဆွေးနွေးခွင့် ရရှိခဲ့ကြပါသည်။

အဆိုပါ အစည်းအဝေးတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ရခိုင်ကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ သဘောထားရပ်တည်ချက်များကို တုံ့ပြန်ရှင်းလင်းပြောကြားခဲ့ပါသည်။ အမြဲတမ်း ကိုယ်စားလှယ်၏ မိန့်ခွန်းတွင် အောက်ပါအချက်များကို ထည့်သွင်းပြောကြားခဲ့ပါသည်-

မြန်မာနိုင်ငံအစိုးရသည် မြေပြင်ဖြစ်ပေါ်မှု အခြေအနေများကို ပိုမိုနားလည်စေနိုင်ရန်အတွက် လုံခြုံရေးကောင်စီ အဖွဲ့ဝင်များ၏ ခရီးစဉ်ကို လက်ခံစီစဉ်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ နေရပ်စွန့်ခွာသူများ ဘေးကင်းပြီး ဂုဏ်သိက္ခာရှိစွာ နေရပ်သို့ ပြန်နိုင်ရေးအတွက် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြင့်တင်နိုင်ရန် ရည်ရွယ်ကြောင်း၊ ကုလသမဂ္ဂနှင့် မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်မှုများမှ တစ်ဆင့် ကြီးမားသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း၊ တိကျမှန်ကန်မှု၊ အပြန်အလှန်လေးစားမှုနှင့် နားလည်မှုမူများပေါ်တွင် အခြေခံသည့် အပြုသဘောဆောင်သည့် ထိတွေ့ပူးပေါင်းဆောင်ရွက်မှုများကို မိမိတို့ အနေဖြင့် ယုံကြည်ကြောင်း၊

အဆိုပါ ခရီးစဉ်သည် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရေး အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံ ကြိုးပမ်းဆောင်ရွက်မှုများအပေါ် တွန်းအားတစ်ရပ်ဖြစ်စေမည်ဟု မျှော်လင့်ကြောင်း၊ လုံခြုံရေးကောင်စီ၏ ခရီးစဉ်ကို အချိန်အကန့်အသတ်ကြားမှ အတတ်နိုင်ဆုံး စီစဉ် ဆောင်ရွက်ပေးခဲ့ကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ခရီးစဉ်ကို အရေးပါသည့် မှတ်တိုင်တစ်ရပ် အဖြစ် မှတ်ချက်ပြုခဲ့ကြောင်း၊ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ရှိစေရေးအတွက် မြန်မာအစိုးရ၏ သန္နိဋ္ဌာန်ချထားမှုကိုလည်း ထပ်လောင်းအတည်ပြုခဲ့ကြောင်း၊

ရခိုင်ပြည်နယ်၌ ကြုံတွေ့နေရသည့် ပြဿနာရပ်များကို ဖြေရှင်းရာတွင် လက်ရှိ အရေးအကြီးဆုံး လုပ်ဆောင်ရန်မှာ နေရပ်စွန့်ခွာသူများအား နှစ်နိုင်ငံသဘောတူညီချက်များအရ ပြန်လည်လက်ခံရေးကို စတင်ရန် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လက်ခံရန် အဆင်သင့်ဖြစ်နေသည့်အလျောက် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို ဆောလျင်စွာ စတင်ရန် ထပ်တလဲလဲပြောကြားခဲ့ကြောင်း၊

မေလ ၈ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး Mr. Manjurul Karim Khan Chowdhury ကို နေပြည်တော်သို့ ဆင့်ခေါ်ခဲ့ပြီး၊ နှစ်ဖက်သဘောတူညီခဲ့သည့်အတိုင်း မိုးရာသီမရောက်မီ စိစစ်ပြီးသောသူများအား ပြန်လည်လက်ခံရေးကို စတင်ရန် မြန်မာဘက်အနေဖြင့် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်းကို သတိပေးပြောကြားခဲ့ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ဘင်္ဂလားဒေ့ရှ်အား နှစ်ဖက် သဘောတူညီချက်ကို အကောင်အထည်ဖော်ရန်နှင့် စိစစ်ပြီးသော နေရပ်စွန့်ခွာသူများကို ပြန်လည်ပို့ဆောင် ပေးရေးအတွက် ထပ်မံတိုက်တွန်းခဲ့ပါကြောင်း၊ ပြန်လည်လက်ခံရေးဆိုင်ရာ အစီအမံတွင် သဘောတူထားသည့် ပုံစံများကို အသုံးပြု၍ နေရပ်စွန့်ခွာသူများစာရင်းကို ပေးပို့ရန်လည်း ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးအား ထပ်လောင်းသတိပေးခဲ့ကြောင်း၊

ဘင်္ဂလားဒေ့ရှ်ဘက်မှ ပေးပို့လာသည့် ပုံစံများမှာ နှစ်နိုင်ငံသဘောတူထားသည့် အစီအမံပါ ပုံစံများ မဟုတ်ဘဲ စိစစ်မှုများ ပြုလုပ်နိုင်ရန် လိုအပ်သည့် လက်မှတ်၊ လက်ဗွေရာများနှင့် ဓာတ်ပုံများ ပါဝင်လာခြင်း မရှိကြောင်း၊ နေရပ်စွန့်ခွာသူများ ဆန္ဒအလျောက် လုံခြုံစွာနှင့် ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေးအတွက် မှန်ကန်စွာ ဖြည့်စွက်ထားသည့် ပုံစံများကို သံတမန်လမ်းကြောင်းမှ ပြန်လည်ပေးပို့ပေးပါရန် ဘင်္ဂလားဒေ့ရှ်ဘက်သို့ သုံးကြိမ်တိုင်တိုင် မေတ္တာရပ်ခံခဲ့ကြောင်း၊

လုံခြုံရေးကောင်စီ၏ ခရီးစဉ်မတိုင်မီ မြန်မာနိုင်ငံ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီးက ကော့ခ်ဘဇားရှိ နေရပ်စွန့်ခွာသူများ နေထိုင်သည့်စခန်းများသို့ သွားရောက်ခဲ့ပြီး၊ ၎င်းတို့အား ပြန်လည်နေရာချထားရေးအတွက် မြန်မာနိုင်ငံဘက်မှ ဆောင်ရွက်ထားမှုများ၊ ပြန်လည်လက်ခံရေး အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း၊ နေရပ်စွန့်ခွာသူများ အနေဖြင့် ပြန်လည် လက်ခံရေး အစီအစဉ်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ သိရှိထားခြင်း မရှိသည်ကို တွေ့ရှိရသည့်အတွက် အံ့အားသင့်ခဲ့ရကြောင်း၊ နှစ်နိုင်ငံသဘောတူညီချက်များနှင့် ပတ်သက်၍သော်လည်းကောင်း ပြန်လည် လာရောက်ရေးအတွက် ဖြည့်စွက်ရန် လိုအပ်သည့် ပုံစံများနှင့်ပတ်သက်၍သော်လည်းကောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ၎င်းတို့အား အသိပေးထားခြင်း မရှိသည်မှာ ထင်ရှားကြောင်း၊ မိမိတို့ဘက်မှ စိစစ်အတည်ပြုပြီးသော နေရပ်စွန့်ခွာသူများနှင့် တွေ့ဆုံနိုင်ရေး စီစဉ်ပေးရန် မေတ္တာရပ်ခံခဲ့သော်လည်း တွေ့ဆုံခွင့် မရရှိခဲ့ကြောင်း၊

မြန်မာနိုင်ငံဘက်မှ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနည်းလမ်းဖြင့် စိတ်ရင်းမှန်ဖြင့် ဖြေရှင်းရန် ကြိုးပမ်းလျက် ရှိသော်လည်း၊ ဘင်္ဂလားဒေ့ရှ်အနေဖြင့် နှစ်နိုင်ငံ သဘောတူညီချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည့် အစား၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ဖင့်နှေးအောင် ဆင်ခြေဆင်လက်များ တစ်ခုပြီးတစ်ခု ပေးနေသည်မှာ စိတ်ပျက်ဖွယ်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်အနေဖြင့် အခြေအနေမှန်ကို ဖုံးကွယ်ကာ မြန်မာနိုင်ငံအနေဖြင့် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရန် ဆန္ဒမရှိကြောင်းဖြင့် တစ်ကမ္ဘာလုံးသို့ ပြောကြားလျက်ရှိကြောင်း၊ မြန်မာနိုင်ငံအား နိုင်ငံတကာမှ ပြစ်တင်ရှုတ်ချစေရန်နှင့် နိုင်ငံရေးအရ ဖိအားပေးမှုများ မြင့်မားလာစေရန်အတွက် ဘင်္ဂလားဒေ့ရှ်အနေဖြင့် မဟုတ်မမှန်ပြောကြားကာ မြန်မာအစိုးရနှင့် ပြည်သူများအား ပုတ်ခတ်ဝေဖန်လျက်ရှိကြောင်း၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အောင်မြင်စေရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရ၏ စစ်မှန်သည့် ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်ကြောင်း၊

ကူဝိတ်အမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် နှစ်နိုင်ငံ နယ်စပ်တွင် တရားမဝင် နေထိုင်မှုများနှင့် ပတ်သက်၍ ပြောကြားလိုကြောင်း၊ နှစ်နိုင်ငံ နယ်စပ်သဘောတူညီချက်အရ အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်မျဉ်း မှ ပေ ၁၅၀ အကွာတွင် လူများနေထိုင်ခြင်းနှင့် အဆောက်အဦများ ဆောက်လုပ်ခြင်းတို့ကို တားမြစ်ထား ပါကြောင်း၊ သို့အတွက် တစ်ဖက်နယ်စပ် ကန့်သတ်ဧရိယာအတွင်း ကတုတ်ကျင်းများနှင့် နေအိမ်အချို့ ဆောက်လုပ်နေမှုများအတွက် မိမိတို့အနေဖြင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ကန့်ကွက်စာပေးပို့ခဲ့ကြောင်း၊

မြန်မာဘက်ရှိ အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်မျဉ်းအတွင်း တရားမဝင်နေထိုင်သူများကိုလည်း အဆောက်အဦ များ ဆောက်လုပ်နိုင်ရန် ဘင်္ဂလားဒေ့ရှ်မှ အကူအညီပေးလျက် ရှိသည်ကို တွေ့ရှိရကြောင်း၊ ယင်းမှာ မြန်မာနိုင်ငံ၏ ပိုင်နက်နယ်မြေတည်တံ့မှုနှင့် အချုပ်အခြာအာဏာကို ပေါ်ပေါ်တင်တင် ချိုးဖောက်နေခြင်းပင် ဖြစ်ကြောင်း၊ ယင်းလုပ်ရပ်ကို ချက်ချင်းရပ်တန့်ရန် လိုအပ်ကြောင်း၊

တာဝန်ခံမှုနှင့်ပတ်သက်၍ မည်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကိုမျှ အကာအကွယ်ပေးမည် မဟုတ်ကြောင်းကို မြန်မာအစိုးရအနေဖြင့် ထပ်တလဲလဲ ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ အထောက်အထား တင်ပြနိုင်သည့် စွပ်စွဲချက်များကို တရားဥပဒေအရ စစ်ဆေးအရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံစဉ် အကြမ်းဖက်မှုကို ရှုတ်ချကြောင်းနှင့် လိုအပ်သည့် အချက်အလက်များ ပံ့ပိုးပေးပါက လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်များကို အရေးယူရန် အဆင်သင့်ရှိကြောင်း သူမက ပြောကြားခဲ့သည်ကို အမှတ်ရလိမ့်မည်ဟု ယူဆကြောင်း၊ အခွင့်အရေး ချိုးဖောက်မှုများကို မြန်မာနိုင်ငံရှိ တရားရုံးများသို့ ဖော်ထုတ်တင်ပြလိုသူ မည်သူကိုမဆို လုံခြုံရေးအာမခံမှု ပေးမည်ဟုလည်း ထပ်လောင်းပြောကြားခဲ့ကြောင်း၊

ကျူးလွန်သူများကို အရေးယူအပြစ်ပေးနိုင်ရန်အတွက် ပြစ်မှုဆိုင်ရာ သက်သေအထောက်အထား တင်ပြနိုင်မည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူဆိုသူများကို မြန်မာ့တပ်မတော်မှ ကြိုဆိုမည်ဖြစ်ကြောင်းကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လုံခြုံရေးကောင်စီအဖွဲ့ဝင်များအား ပြောကြားခဲ့ကြောင်း၊

လူ့အခွင့်အရေးချိုးဖောက် ကျူးလွန်မှုများနှင့်ပတ်သက်၍ လက်ရှိ ကြုံတွေ့နေရသည့် လူသားချင်းစာနာမှု ပြဿနာသည် ARSA အကြမ်းဖက်သမားများက ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နယ်စပ်လုံခြုံရေး စခန်း(၃၀)ကို တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်ပေါ်ခဲ့သည်ကို မမေ့သင့်ကြောင်း၊ ပဋိပက္ခ၏ အရင်းအမြစ်နှင့် အပြစ်မဲ့ ဟိန္ဒူ၊ ရခိုင်ဗုဒ္ဓဘာသာနှင့် အခြားတိုင်းရင်းသား မျိုးနွယ်စုများကို အကြမ်းဖက်သမားများက ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်မှုများကို အနောက်မီဒီယာများက မသိကျိုးကျွံပြုနေကြကြောင်း၊ မွတ်စလင်များ နှိပ်စက်ခံ သားကောင်ဖြစ်နေရကြောင်း ဇာတ်နာအောင် ဖန်တီးမှုများကို တရစပ်ဖော်ပြမှုများအောက်တွင် အမှန်တရား သည် ဖုံးကွယ်ခံနေရကြောင်း၊ အလွန်ရှုပ်ထွေးပြီး နိုင်ငံရေးအရ ထိခိုက်လွယ်သည့် ရခိုင်ပြဿနာကို မျှတမှုရှိပြီး အပြုသဘောဆောင်သည့် နည်းလမ်းဖြင့်သာ မှန်ကန်စွာ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊

မေလ ၁ ရက်တွင် မောင်တောမြို့သို့ သွားရောက်ခဲ့သည့် လုံခြုံရေးကောင်စီ၏ ခရီးစဉ်အတွင်း ရခိုင်၊ မြို၊ မရမာကြီးနှင့် ဟိန္ဒူ(၂၀) ဦးခန့်က ARSA အကြမ်းဖက်များ၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် ရင်ဆိုင်ရသည့် ၎င်းတို့၏ အတွေ့အကြုံများကို လုံခြုံရေးကောင်စီ အဖွဲ့ဝင်များထံ ထွက်ဆိုပြောကြားနိုင်ရန် မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၌ စောင့်ဆိုင်းနေခဲ့ကြကြောင်း၊ သို့သော်လည်း အချိန်အကန့်အသတ်ကြောင့် ရခိုင်အမျိုးသမီးတစ်ဦးနှင့် ဟိန္ဒူအမျိုးသမီးတစ်ဦးသာ ARSA အကြမ်းဖက်များက ကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုများကို ပြောကြားခွင့်ရခဲ့ကြကြောင်း၊ ရခိုင်လူမျိုးများ၏ ဝမ်းနည်းဖွယ် အဖြစ်အပျက်များသည် အသိုက်အဝန်းတစ်ခု၏ ပြောကြားချက်များကိုသာ တစ်ဖက်သတ် နားထောင်လိုသူအချို့၏ မသိကျိုးကျွံပြုမှု ခံခဲ့ရကြောင်း၊

၎င်းတို့သည် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်က မောင်တောမြို့နယ် ကုန်တိုင်ကျေးရွာ၌ ARSA အကြမ်းဖက်သမားများက မြိုတိုင်းရင်းသား (၇)ဦးအား သတ်ဖြတ်ခဲ့မှု၊ အိမ်ခြေ (၂၆၂၅)လုံး မီးရှို့ခံခဲ့ရမှု စသည့် ရက်စက်ကြမ်းကြုတ်သော အဖြစ်အပျက်များကို မျက်မြင်ကြုံတွေ့ခဲ့ကြရသူများ ဖြစ်ကြောင်း၊ ထို့ပြင် ၂၀၁၇ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်က ရဲဘော်ကျကျေးရွာ အနောက်မြောက်ဘက်၌ ARSA အကြမ်းဖက်များ ပြန်ပေးဆွဲခံခဲ့ရသူ (၁၀၀) ဦးအနက် အသတ်ခံခဲ့ရသည့် ဟိန္ဒူရုပ်အလောင်း (၄၅) လောင်းကို တူးဖော်တွေ့ရှိမှုတွင်လည်း မျက်မြင်ကြုံတွေ့ခဲ့ကြသူများဖြစ်ကြောင်း၊

မောင်တောဒေသရှိ တိုင်းရင်းသားများသည် အကြမ်းဖက်များ၏ ဆိုးရွားသည့်လုပ်ရပ်များကြောင့် စိတ်ဒဏ်ရာများ ခံစားနေကြရကြောင်း၊ ARSA များကြောင့် စိုးရိမ်ကြောက်ရွံ့မှုများကြီးမားလာပြီး မိမိတို့ ပိုင်သည့်မြေပေါ်တွင်ပင် လူနည်းစုများအဖြစ် မလုံခြုံမှုများ ခံစားနေကြရကြောင်း၊

ရခိုင်ပြည်နယ်ရှိ အရပ်သားပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခဲ့ကြခြင်းအတွက် ARSA ကိုလည်း အရေးယူရန် လိုအပ်ကြောင်း၊ အကြမ်းဖက်မှုများကို စုံစမ်းစစ်ဆေးရာတွင် ARSA အကြမ်းဖက် သမားများ၏ ရက်စက်မှုများလည်း ပါဝင်ရမည်ဖြစ်ကြောင်း၊

ဘင်္ဂလားဒေ့ရှ်ဘက်မှ ဒေသတွင်း၌ အစွန်းရောက်များ ပေါ်ပေါက်လာစေရန် အမှတ်တမဲ့ ခွင့်ပြုနေခြင်းအပေါ် မိမိတို့အနေဖြင့် လွန်စွာစိုးရိမ်ပူပန်ပါကြောင်း၊ ARSA အနေဖြင့် ဒုက္ခသည်စခန်းများ၌ ခြေကုပ်ယူလျက် ရှိနေပြီး၊ အကြမ်းဖက်မှုနှင့် အစွန်းရောက်မှုတို့ အမာခံနယ်မြေတစ်ခု မကြာမီ ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း၊

မေလ ၉ ရက်က (၄)ဦးမှ (၆)ဦး အထိ ပါဝင်သည့် အကြမ်းဖက်အုပ်စုသည် ဘူလူကာလီ ဒုက္ခသည်စခန်းသို့ ဝင်ရောက်ခဲ့ပြီး အသက်(၄၆)နှစ်အရွယ် Mohamed Faisal Ulhaq ဆိုသူအား ခေါ်ထုတ်ကာ ဓားဖြင့် ထိုးသတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ၎င်းသည် နေရပ်တိမ်းရှောင်နေသူများ ရခိုင်ပြည်နယ်သို့ ပြန်ရန် လှုံ့ဆော်စည်းရုံးနေသူတစ်ဦး ဖြစ်သည်ဟု သိရှိရကြောင်း၊

မိမိတို့အနေဖြင့် နေရပ်စွန့်ခွာသူများ ပြန်လည်လာရောက်ရေးအတွက် သင့်လျော်သည့် ပတ်ဝန်းကျင်များကို ပြင်ဆင်ထားရှိကြောင်း၊ နေရပ်စွန့်ခွာသူများ ဘေးကင်းပြီး၊ ဂုဏ်သိက္ခာရှိသည့် ဆန္ဒအလျောက် နေရပ်သို့ ပြန်လည်လာရောက်ရေးအတွက် ကုလသမဂ္ဂအေဂျင်စီများနှင့် ထိတွေ့ဆောင်ရွက်လျက်ရှိပြီး၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့နှင့် နားလည်မှုစာချွန်လွှာ (MOU) တစ်ရပ်ချုပ်ဆိုနိုင်ရန် တက်ကြွစွာ ဆွေးနွေးလျက်ရှိကြောင်း၊ ယင်း အေဂျင်စီများအနေဖြင့် ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းများအားလုံး၏ အကျိုးအတွက် မြန်မာနိုင်ငံမှ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ UEHRD တို့နှင့် အတူ ဆောင်ရွက်သွားကြရန်ရှိပါကြောင်း၊

တစ်ချိန်တည်းမှာပင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများ၏ အကြောင်းရင်းဇစ်မြစ်များကို ကိုင်တွယ်ဖြေရှင်းသွားမည် ဖြစ်ကြောင်း၊ ကိုဖီအာနန်ကော်မရှင်၏ အကြံပြုချက်များသည် ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းများအားလုံး၏ ဖွံ့ဖြိုးမှုရရှိရေးအတွက် လက်တွေ့အရေးယူဆောင်ရွက်ရန် လုပ်ငန်းစဉ်များ ဖြစ်ကြောင်း၊ မစ္စတာကိုဖီအာနန်၏ ကော်မရှင်မှ အကြံပြုချက် (၈၈) ချက်၊ အမျိုးသားအဆင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ အကြံပြုချက် (၄၈)ချက် တင်ပြထားခဲ့ကြောင်း၊ အကြံပြုချက်အများစုမှာ ထပ်နေကြောင်း၊ အကြံပြုချက် (၅၇) ခုကို မကြာမီ အကောင်အထည်ဖော် ပြီးစီးတော့မည် ဖြစ်ပြီး၊ (၃၁) ခုကိုမူ ဆောင်ရွက်ဆဲဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏ ပထမအကြိမ် အစီရင်ခံစာကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထုတ်ပြန်ခဲ့ပြီး၊ ဒုတိယအကြိမ် အစီရင်ခံစာကို ၂၀၁၈ ခုနှစ်၊ မေလတွင် တင်ပြသွားရန်ရှိကြောင်း၊

မစ္စတာကိုဖီအာနန်၏ နောက်ဆုံးအကြိမ် အစီရင်ခံစာ တင်သွင်းပြီးနောက်ပိုင်း IDP စခန်း (၃)ခုကို ပိတ်သိမ်းနိုင်ခဲ့ပြီး၊ နောက်ထပ်စခန်း (၄)ခုကိုလည်း မကြာမီပိတ်သိမ်းမည်ဖြစ်ကြောင်း၊

NVC ကတ်များ ထုတ်ပေးရေးနှင့် ပတ်သက်၍ လျှောက်ထားမှုများ မပြုလုပ်အောင် သတင်းမှားများအား ဖြန့်နေသည်ကို တွေ့ရကြောင်း၊ အမှန်စင်စစ် NVC ကတ်သည် နိုင်ငံသား စိစစ်ခံနိုင်ရေးအတွက် ပထမအဆင့် ဖြစ်ကြောင်း၊ တည်ဆဲဥပဒေများအရ လိုအပ်ချက်များနှင့် ကိုက်ညီပါက NVC ကတ် ကိုင်ဆောင်သူများသည် နိုင်ငံသားဖြစ်လာနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် နေထိုင်သူ မည်သူမဆို နိုင်ငံသားစိစစ်မှုလုပ်ငန်းစဉ်ကို ဆောင်ရွက်ကြရပါကြောင်း၊

ရခိုင်ပြည်သူများအတွက် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး၊ သဟဇာတဖြစ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ကိုဖီအာနန် အစီရင်ခံစာပါ အကြံပြုချက်များကို မြေပြင်အခြေအနေပေါ် မူတည်၍ တတ်နိုင်သမျှ အပြည့်အဝ ဆက်လက် အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း၊

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လည်း ရခိုင်ပြည်နယ်ရှိ ပြည်သူများအားလုံးအတွက် ငြိမ်းချမ်းရေး၊ သဟဇာရှိမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ ပြန်လည်ရရှိရေးတို့အတွက် ဆီလျော်သည့် ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးနိုင်ရန် အတူတကွ ကြိုးပမ်းသွားရန် လိုအပ်ကြောင်း၊ အမြစ်တွယ်နေသည့် အယုံအကြည် ကင်းမဲ့မှုကို ကြီးမားစေမည့် အမုန်းပွားစေသည့် သဘောထားအမြင်များကို ရပ်တန့်ရန် လိုကြောင်း၊ မြန်မာနိုင်ငံအပေါ် ထားရှိနေသည့် ဆန့်ကျင်ဘက်သဘောထားသည် ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်ရေးအတွက် အထောက်အကူပြုစေမည်မဟုတ်ကြောင်း၊ ယခုပင် မိမိတို့နိုင်ငံအပေါ် ရန်လို မုန်းတီးမှု သဘောထားအချို့ကို ကြားခဲ့ရသည်မှာ စိတ်မကောင်းဖွယ် ဖြစ်ကြောင်း၊

ခွဲခြားဆက်ဆံမှုများနှင့် တစ်ဖက်သတ် ပံ့ပိုးကူညီမှုများသည် ဒေသတွင်း အသိုက်အဝန်းများအကြား ပိုမိုကင်းကွာမှုများနှင့် တင်းမာမှုများကိုသာ မြင့်တက်စေမည်ဖြစ်ကြောင်း၊

နေရပ်စွန့်ခွာသူများ ပြန်လည်လာရောက်ရေးအတွက် နှစ်နိုင်ငံသဘောတူညီချက်အား ဆန္ဒမှန်ဖြင့် အကောင်အထည်ဖော်ရာတွင် ဘင်္ဂလားဒေ့ရှ်အနေဖြင့် မြန်မာနိုင်ငံနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း၊ နေရပ်စွန့်ခွာသူများအား အကူအညီပေးနိုင်ရန်အတွက် အပြန်အလှန် လေးစားမှု၊ စစ်မှန်သောဆန္ဒ နှင့် အိမ်နီးချင်းကောင်း စိတ်ဓာတ်တို့ဖြင့် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ အတူတကွ ပူးပေါင်း ဆောင်ရွက်ပါက ရခိုင်ပြည်နယ်ရှိ လက်ရှိ လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာနှင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဖြေရှင်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း၊

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးအတွက် ပူးတွဲလုပ်ငန်းအဖွဲ့သည် သဘောတူညီထားသည့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ဆောလျင်စွာ အကောင်အထည်ဖော်ရေးအတွက် ၂၀၁၈ ခုနှစ်၊ မေလ ၁၇ ရက်တွင် ဒါကာမြို့၌ ထပ်မံ တွေ့ဆုံဆွေးနွေးကြမည် ဖြစ်ကြောင်း၊

မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရေးအတွက် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည့် အချိန်တွင် ထောက်ခံအားပေးမှု ပြုနေကြသော လုံခြုံရေးကောင်စီ အဖွဲ့ဝင်များကို ကျေးဇူးတင်ရှိပါကြောင်းနှင့် လုံခြုံရေး ကောင်စီအဖွဲ့ဝင်များနှင့်အတူ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြသည့်အတွက် အိမ်နီးချင်း (၄) နိုင်ငံကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း၊ အပြန်အလှန်နားလည်မှုနှင့် အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများ ဖြင့် မိမိတို့ လိုလားတောင့်တသည့် ရလဒ်ကောင်းများ ရရှိနိုင်မည်ဟု ယုံကြည်ကြောင်း၊

ကြီးမားသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသော်လည်း ရခိုင်ပြည်နယ်ရှိ ပြည်သူများအားလုံး၏ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြန်မာအစိုးရအနေဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်းသွားမည် ဖြစ်ကြောင်း စသည်ဖြင့် ထည့်သွင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Announcements

Latest Updates

Friday 28, September, 2018 A letter from British Citizen

Activities