မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDC) အဆင့်မှ လွတ်မြောက်ရန် သတ်မှတ်ထားသည့် စံနှုန်း (၃)ခုစလုံးနှင့် ပထမဆုံးအကြိမ် ပြည့်မီလာပြီဖြစ်ကြောင်း ကုလသမဂ္ဂ၊ ဖွံ့ဖြိုးတိုးတက်မှု မူဝါဒဆိုင်ရာ ကော်မတီ (CDP) ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့ပါသည်။
အဆိုပါကိစ္စအား နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ၁၉-၄-၂၀၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ (UN ECOSOC) ၊ ဖွံ့ဖြိုးတိုးတက်မှု မူဝါဒဆိုင်ရာကော်မတီ (CDP) ၏ ၂၀၁၈ ခုနှစ်၊ မတ်လ အစည်းအဝေးအစီရင်ခံစာတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
အဆိုပါ အစီရင်ခံစာအရ ၂၀၁၈ ခုနှစ်၊ သုံးနှစ်တစ်ကြိမ် လေ့လာသုံးသပ်မှု (Triennial Review) တွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDC) အဆင့်မှ လွတ်မြောက်ရေးစံနှုန်းများအဖြစ် တစ်ဦးချင်းဝင်ငွေ (Gross National Income - GNI) အမေရိကန်ဒေါ်လာ ၁,၂၃၀ ထက် ကျော်လွန်ရန် ၊ လူသားအရင်းအနှီးညွှန်းကိန်း (Human Access Index - HAI) ၆၆ နှင့် အထက်ရှိရန်နှင့် စီးပွားရေး ထိခိုက်နစ်နာလွယ်မှုဆိုင်ရာ ညွှန်းကိန်း (Economic Vulnerability Index -EVI) ၃၂ နှင့် အောက်ရှိရန် လိုအပ်ကြောင်း သတ်မှတ်ထားပါသည်။
၂၀၁၈ ခုနှစ်အတွက် ပြုလုပ်ခဲ့သည့် သုံးနှစ်တစ်ကြိမ် လေ့လာသုံးသပ်မှုတွင် မြန်မာနိုင်ငံသည် GNI အမေရိကန် ဒေါ်လာ ၁,၂၅၅၊ HAI ၆၈.၅ နှင့် EVI ၃၁.၇ ရရှိခဲ့သဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအဆင့်မှ လွတ်မြောက်ရေး ဆိုင်ရာ သတ်မှတ်စံနှုန်း (၃) ခုလုံးနှင့် ပြည့်မီသွားပြီ ဖြစ်ကြောင်း ထောက်ခံတင်ပြခဲ့ပါသည်။ မြန်မာနိုင်ငံသည် ၁၉၈၇ ခုနှစ်တွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ စာရင်းဝင် ဖြစ်သွားခဲ့ပြီးနောက်ပိုင်း လွတ်မြောက်ရေးဆိုင်ရာစံနှုန်း (၃)ခုလုံးနှင့် ပထမဆုံးအကြိမ် ပြည့်မီခဲ့ခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံအနေဖြင့် လက်ရှိ တိုးတက်မှုအရှိန်ကို ဆက်လက်ထိန်းသိမ်း၍ လာမည့် ၂၀၂၁ ခုနှစ် Triennial Review တွင် စံနှုန်း (၃)ခုအနက် အနည်းဆုံး (၂)ခုနှင့် ဆက်လက်ပြည့်မီပါက ယင်းနှစ်များနောက်ပိုင်းတွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများစာရင်းမှ လွတ်မြောက်မည့် လမ်းစပွင့်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။