သတင်းထုတ်ပြန်ချက်
အာဆီယံ-လန်ဒန်ကော်မတီ၏ (ASEAN London Committee, ALC) ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်အား ဗြိတိန်နိုင်ငံဆိုင်ရာ၊ မြန်မာသံအမတ်ကြီးမှ ဗြိတိန်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင် သံအမတ်ကြီးထံသို့ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားနှင့် ALC 3/2018 အစည်းအဝေးအား လန်ဒန်မြို့ မြန်မာသံအမတ်ကြီး၏ နေအိမ်၌ ၃၁-၇-၂၀၁၈ ရက်နေ့ နံနက် ၁၀၃၀ မှ မွန်းလွဲ ၁၂၃၀ အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနား၌ ၂၀၁၈ ခုနှစ် ပထမနှစ်ဝက်ကာလအတွက် အာဆီယံ-လန်ဒန်ကော်မတီ၏ အလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းမှ ဒုတိယနှစ်ဝက်သက်တမ်းအတွက် အလှည့်ကျ ဥက္ကဌ တာဝန်ကိုဆောင်ရွက်မည့် ဗြိတိန်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး H.E.Mr. Antonio Manuel R. Lagdameo ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ၃/၂၀၁၈ အစည်းအဝေးအား ဖိလစ်ပိုင် သံအမတ်ကြီးမှ သဘာပတိအဖြစ် ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးသို့ အာဆီယံ သံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများ၊ ဒုတိယသံရုံးအကြီးအကဲများ၊ အာဆီယံ-လန်ဒန်ကော်မတီလုပ်ငန်းအဖွဲ့များ စုစုပေါင်း (၁၈) ဦးတက်ရောက်ခဲ့ကြပြီး အာဆီယံ-လန်ဒန်ကော်မတီမှ ပြုလုပ်သွားမည့် အစီအစဉ်များ၊ အာဆီယံ-လန်ဒန်ကော်မတီအဖွဲ့၏ လုပ်ငန်းစဉ်နှင့် အလေ့အထများ၊ အာဆီယံနိုင်ငံများနှင့် ဗြိတိန်နိုင်ငံ ဆက်ဆံရေးအခြေအနေ များအား ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် မြန်မာသံအမတ်ကြီးမှ တက်ရောက်လာကြသူ များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။
မြန်မာသံရုံးမှ အာဆီယံ-လန်ဒန်ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန် ယူဆောင်ရွက်ခဲ့သည့် ပထမနှစ်ဝက်ကာလအတွင်း အာဆီယံ-လန်ဒန်ကော်မတီအစည်းအဝေး (၃)ကြိမ်ကျင်းပခဲ့ခြင်း၊ တာဝန်ပြီးဆုံး၍ ဗြိတိန်နိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည့် ဗြိတိန်နိုင်ငံ ဆိုင်ရာ ဘရူနိုင်းသံအမတ်ကြီး H.E. Dato Haji Aminuddin Ihsan နှင့် ဗြိတိန် နိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး H.E. Dato Ahmed Rasidi Azizi တို့အား နှုတ်ဆက်ညစာစားပွဲ များ စီစဉ်ပေးခဲ့ခြင်း၊ အာဆီယံ-လန်ဒန်ကော်မတီအဖွဲ့ဝင်များ De La Rue Company သို့ လေ့လာရေးခရီးစဉ် စီစဉ်ပေးခဲ့ခြင်း၊ အာဆီယံ-လန်ဒန်ကော်မတီအစည်းအဝေး ၂/၂၀၁၈ အပြီး၌ Centre for Agriculture and Bioscience and International (CABI) မှ Director (၂) ဦးအားဖိတ်ခေါ်၍ CABI and its activities in Southeast Asia ခေါင်းစဉ်ဖြင့် Presentation ပြုလုပ်ရန် စီစဉ်ပေးခဲ့ခြင်း၊ ALC Golf Tournament (2018) အား ကျင်းပပြုလုပ်ပေးခဲ့ခြင်း၊ မြန်မာသံအမတ်ကြီး၏ဇနီးဒေါ်အေးမင်းမြတ်မှဦးစီး၍ အာဆီယံ သံအမတ်ကြီးများနှင့် စစ်သံမှူး များ၏ဇနီးများအတွက် Coffee Morning အား ပြုလုပ်ပေးခဲ့ခြင်း၊ အာဆီယံ-လန်ဒန်ကော်မတီ လုပ်ငန်းအဖွဲ့အစည်းအဝေးအား (၃)ကြိမ်ကျင်းပပေးခဲ့ ခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။
မြန်မာသံရုံးမှ အာဆီယံ-လန်ဒန်ကော်မတီ၏ အလှည့်ကျဥက္ကဌတာဝန်အား ထမ်းဆောင်စဉ်ကာလအတွင်း ALC Food Festival နှင့် ALC Film Festival များ ပြုလုပ် နိုင်ရန်အတွက် အဖွဲ့ဝင်နိုင်ငံများမှ သဘောတူညီချက်များကို ရယူအတည်ပြုပေးနိုင်ခဲ့ပြီး ဆက်လက် ဆောင်ရွက်ရန်အစီအစဉ်များအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ထို့အပြင် အာဆီယံ-လန်ဒန်ကော်မတီ၏ အလေ့အထများ၊ လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ အဖွဲ့ဝင် နိုင်ငံအချို့၏ သဘောထားများအပေါ် အဖွဲ့ဝင်နိုင်ငံများအကြား စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ပေး နိုင်ခဲ့ပါသည်။
သတင်း/ ဓါတ်ပုံ-မြန်မာသံရုံး၊ လန်ဒန်မြို့