Embassy of the Republic of the Union of Myanmar London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၃၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်စဉ်အတွင်း တရုတ် ဝန်ကြီးချုပ်၊ နယူးဇီလန် ဝန်ကြီးချုပ်နှင့် အမေရိကန် ဒုတိယသမ္မတတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း

သတင်းထုတ်ပြန်ချက်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၃၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်စဉ်အတွင်း တရုတ် ဝန်ကြီးချုပ်၊ နယူးဇီလန် ဝန်ကြီးချုပ်နှင့် အမေရိကန် ဒုတိယသမ္မတတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း

စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် (၃၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခဲ့သည့် ခရီးစဉ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီခချန်း၊ နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် မဒမ် ဂျက်စင်ဒါ အာဒမ်နှင့် အမေရိကန်ပြည်ထောင်စု ဒုတိယ သမ္မတ မစ္စတာ မိုက်ကယ်လ်ပန့်စ်တို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။

တရုတ်နိုင်ငံ ဝန်ကြီးချုပ်နှင့် ၁၅-၁၁-၂၀၁၈ ရက်နေ့တွင် တွေ့ဆုံစဉ် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်များ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များတွင် အကူအညီ ပေးအပ်သွားမည့် ကိစ္စရပ်များ၊ ဒေသတွင်း နှင့် နိုင်ငံတကာမျက်နှာစာတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။

နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ်နှင့် ၁၄-၁၁-၂၀၁၈ ရက်နေ့တွင် တွေ့ဆုံရာတွင် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုခိုင်မာလာစေရေး ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှုဆိုင်ရာ နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် ရခိုင် ပြည်နယ်ရှိ လူမှုအသိုက်အဝန်း (၂) ရပ်အကြား သဟဇာတဖြစ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ သည့် လုပ်ငန်းစဉ်များအပေါ် နယူးဇီလန်မှ ပေးအပ်သွားမည့် အကူအညီများနှင့် ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။ ထို့ပြင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာကိစ္စ ရပ်များနှင့် ပတ်သက်၍ မြန်မာအစိုးရအား နယူးဇီလန်နိုင်ငံမှ ပါဝင်ကူညီပေးသွားနိုင်မည့် ကိစ္စရပ်များ ကိုလည်း ဆွေးနွေးခဲ့ကြသည်။

အမေရိကန်ပြည်ထောင်စု ဒုတိယသမ္မတနှင့် ၁၄-၁၁-၂၀၁၈ ရက်နေ့တွင် တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၊ သတင်းမီဒီယာ လွတ်လပ်ခွင့်၊ ရခိုင်ပြည်နယ်ဆိုင်ရာ နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ အမေရိကန်ပြည်ထောင်စု၏ အင်ဒို-ပစိဖိတ် မူဝါဒ အပါအဝင် ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များကိုလည်း ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။

ထိုသို့ တွေ့ဆုံစဉ် ဒုတိယသမ္မတမှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် အမေရိကန် ပြည်ထောင်စုနှင့် လာရောက် ထိတွေ့ဆက်ဆံမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုရှိသည် ဟူသော သတင်းများအတွက် တာဝန်ခံမှုဆိုင်ရာကိစ္စရပ်များ အပါအဝင် ရခိုင်ပြည်နယ် အရေးကိစ္စအား ဖြေရှင်းနိုင်ရေးအတွက် မြန်မာအစိုးရမှ ဆောင်ရွက်ထားရှိမှု အခြေအနေများကို သိရှိလိုပါကြောင်း မေးမြန်းခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှလည်း ရခိုင်ပြည်နယ် အရေးကိစ္စ ဖြေရှင်းရေးနှင့် ပတ်သက်၍ သဘောထားအမြင် အမျိုးမျိုး ကွဲပြားလျက် ရှိရာ ထိတွေ့ဆွေးနွေးခြင်းဖြင့် အပြန်အလှန် နားလည်မှုကို ပိုမိုတိုးမြှင့်သွားနိုင်မည် ဖြစ်ကြောင်း၊ အမေရိကန်ပြည်သူများ အနေဖြင့် အမေရိကန်ပြည်ထောင်စု အကြောင်းကို မိမိတို့ထက် ပိုမိုသိရှိနားလည်သလို မြန်မာနိုင်ငံအကြောင်းကိုလည်း မိမိတို့သည် အခြားသူများထက် ပိုမိုသိရှိနားလည်ကြပါကြောင်း၊ မြန်မာအစိုးရအနေဖြင့် ရခိုင်ပြည်နယ်အရေး ကိစ္စအား ဖြေရှင်းနိုင်ရန် အလေးထား ကြိုးပမ်းလျက် ရှိပါကြောင်း၊ နိုင်ငံတကာက ဖြေရှင်းလိုသည့် ချဉ်းကပ်ဆောင်ရွက်မှုနည်းလမ်းနှင့် မိမိတို့၏ ဖြေရှင်းမှုနည်းလမ်းတွင် ကွာခြားမှုရှိနိုင်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ ရခိုင်ပြည်နယ်အရေးကိစ္စမှာ ယခုမှ ပေါ်ပေါက်လာသည့် ပြဿနာ မဟုတ်ပါကြောင်း၊ မိမိတို့ အစိုးရ စတင်တာဝန်ယူကတည်းကပင် ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ဗဟိုကော်မတီတစ်ရပ် ဖွဲ့စည်း၍ မိမိတို့ တတ်စွမ်းသမျှ အကောင်းဆုံး ဆောင်ရွက်လျက် ရှိကြောင်း၊ ရခိုင်ပြည်နယ် အရေးကိစ္စ အား ဖြေရှင်းရာတွင် နိုင်ငံတကာအနေဖြင့် လူမှုအသိုက်အဝန်းတစ်ရပ်တည်း၏ အခွင့်အရေးကိုသာ အလေးပေး ဆောင်ရွက်နေခြင်းထက် အသိုက်အဝန်းအားလုံး၏ စိတ်ခံစားချက်များနှင့် ရှုပ်ထွေးနက်နဲမှု အခြေအနေများကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း၊ အမှန်တကယ်အားဖြင့် ရခိုင်ပြည်နယ်တွင် မူလနေထိုင်သည့် ရခိုင်လူမျိုးနှင့် ဒေသခံတိုင်းရင်းသားများ၏ လူဦးရေမှာ တဖြည်းဖြည်း နည်းပါးလာပြီး လူနည်းစု ဖြစ်လာကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ နိုင်ငံ အချို့၏အမြင်မှာ မြန်မာအစိုးရအနေဖြင့် ရခိုင်လူမျိုးများဘက်သို့ ဘက်လိုက်မှုရှိသည်ဟု ယူဆလျက် ရှိသကဲ့သို့ မြန်မာပြည်သူများ၏ အမြင်တွင်မူ နိုင်ငံတကာအနေဖြင့် အခြားအသိုက်အဝန်းဘက်သို့ ဘက်လိုက်မှု ရှိနေသည်ဟု ယူဆလျက် ရှိကြကြောင်း၊ ရခိုင်ပြည်နယ် အရေးကိစ္စကို ရေတိုနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့မည်ဆိုပါက မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် အနာဂတ် အလားအလာကို ထိခိုက်မှု ရှိလာနိုင်သည့်အပြင် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကိုလည်း မြန်မာပြည်သူများကသာ ခံစားကြရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအနက် ပထမ အသုတ်အား ပြန်လည်လက်ခံရေးဆိုင်ရာ မြန်မာအစိုးရမှ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များနှင့် ပတ်သက်၍ ကိုင်တွယ်ဆောင်ရွက်နိုင်ရန် လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို နိုင်ငံတော်သမ္မတမှ ဖွဲ့စည်းပေးခဲ့ပြီး တာဝန်ခံမှုကိစ္စအပေါ် ဆောင်ရွက် နေမှုများကို ရှင်းလင်းပြောကြားခဲ့သည်။

ဒုတိယသမ္မတမှလည်း မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းရန် လိုအပ်ကြောင်းနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ အောင်မြင်မှု ရရှိရေးအတွက် အမေရိကန်ပြည်ထောင်စုအနေဖြင့် ဆက်လက် အားပေး ကူညီသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်
-------------------------------------------
Press Release

Announcements

Monday 25, March, 2019 Myanmar Food in London

Latest Updates

Monday 22, April, 2019 2nd European Buddhist Youth Forum

Activities