Embassy of the Republic of the Union of Myanmar London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုပြပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့်မိန့်ခွန်း

ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲသို့ ကြွရောက်လာတဲ့ ဧည့်သည်တော်များကို ဝမ်းမြောက်စွာ ကြိုဆိုပါတယ်။ ရခိုင်ပြည်နယ်ရဲ့ သဘာဝအလှတရားများကို အခြေပြုပြီး ရခိုင်ပြည်နယ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ပေးမယ့် အဖွဲ့အစည်း များနှင့် ကဏ္ဍအသီးသီးမှပုဂ္ဂိုလ်များ အတူတကွ ဆောင်ရွက်မှာဖြစ်တဲ့အတွက် အခွင့်အလမ်း များကို ယနေ့ အခမ်းအနားမှ ဖော်ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်အောင် စီစဉ် ဆောင်ရွက်ပေးခဲ့ကြတဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရခိုင် ပြည်နယ်အစိုးရအဖွဲ့၊ Japan International Cooperation Agency (JICA) နှင့် Japan External Trade Organization (JETRO)တို့ကို ကျေးဇူးတင်ကြောင်း အလေးအနက် ပြောကြားလိုပါတယ်။

ယနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲဟာ ပထမဦးဆုံးအကြိမ် ကျင်းပတာ ဖြစ်ပြီး၊ နောက်ဆုံးမဟုတ်တာ အသေအချာပဲဖြစ်ပါတယ်။ နောင်တွင်လည်း နှစ်စဉ်ကျင်းပသွား နိုင်မယ်လို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံနဲ့ ခိုင်မာတဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု ဆက်ဆံရေး ရှိတဲ့ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ် အများအပြားကို မြင်တွေ့ရတဲ့အတွက် အထူးပင်ကျေနပ်ပီတိဖြစ်မိပါတယ်။ ယနေ့ပွဲမှသည် ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဆက်ဆံရေးကို ခိုင်မာစေရုံ သာမက ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာ စေပြီး၊ ကဏ္ဍပေါင်းစုံမှ လူပုဂ္ဂိုလ်အချင်းချင်း ဆက်ဆံရေး၊ စီးပွားရေးလုပ်ငန်းအချင်းချင်း ဆက်ဆံရေးကိုပါ ပိုမိုခိုင်မာလာစေမှာ ဖြစ်ပါတယ်။

ကျွန်မတို့ရဲ့ စီးပွားရေးတံခါးကို နိုင်ငံတကာမှ ဝင်ရောက်နိုင်အောင် ဖွင့်လှစ်ခဲ့ပါတယ်။ ထို့အပြင် မူဝါဒများ၊ ဥပဒေ ပြဋ္ဌာန်းချက်များကိုလည်း နိုင်ငံတကာ အလေ့အထများနှင့်အညီ ဖြစ်စေရန် စဉ်ဆက်မပြတ် ညှိနှိုင်းလျက်ရှိတဲ့အပြင် ပိုမိုကောင်းမွန်သော၊ ခန့်မှန်းရလွယ်သော၊ လွယ်ကူချောမွေ့သော၊ ဖော်ရွေသော ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကောင်း ဖြစ်လာစေရေးကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။ တိုတိုပြောရရင် အားလုံးကိုကြိုဆိုတဲ့ စီးပွားရေးဝန်းကျင်ကို ကျွန်မတို့ ဖေါ်ဆောင်လိုခြင်းပဲဖြစ်ပါတယ်။ သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများမှာ ရင်းနှီး မြှုပ်နှံမှု ဥပဒေသစ် ပြဋ္ဌာန်းခြင်း၊ ကုမ္ပဏီဥပဒေသစ် ပြဋ္ဌာန်းခြင်း၊ နိုင်ငံခြားဘဏ်များ၏ ဆောင်ရွက်ခွင့်ပြုသည့်လုပ်ငန်းများကို တိုးချဲ့ပေးခြင်း၊ ပညာရေးကဏ္ဍကို ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်အောင် ဖွင့်လှစ်ပေးခြင်း၊ ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍများတွင် အစိုးရအသုံးစရိတ်များ တိုးမြှင့်သုံးစွဲခြင်း၊ အီလက်ထရောနစ် ကုမ္ပဏီ မှတ်ပုံတင်စနစ် တည်ထောင်ဆောင်ရွက်ခြင်း၊ နယ်စပ်ကုန်သွယ်ရေး ငွေပေးချေမှုများ အတွက် နိုင်ငံခြားငွေ အမျိုးအစားများ တိုးချဲ့ပေးချေခွင့်ပြုခြင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အတွက် တိကျသော အစီအမံများချမှတ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ယင်းပြုပြင်ပြောင်းလဲရေး များသည် ခိုင်မာသော ချည်မျှင်စများဖြစ်ပြီး မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကို အဆိုပါချည်မျှင်စများဖြင့် ရက်လုပ်ထားခြင်းပဲ ဖြစ်ပါတယ်။ ယင်းစီမံကိန်းသည် ကမ္ဘာ့ရည်မှန်းချက်ဖြစ်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနှင့် ချိတ်ဆက်ထားသည့် စီမံကိန်းတစ်ရပ်ပင် ဖြစ်ပါတယ်။

စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို အားသွန်ခွန်စိုက် အကောင်အထည်ဖော် ဆောင်ရွက်မှုများရဲ့ ရလဒ်အနေဖြင့် သိသာထင်ရှားတဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ရရှိခဲ့ပါတယ်။ တိုးတက်မှုဟုဆိုရာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ၆.၂% တိုးတက်မည်ဟု ခန့်မှန်းထားပြီး ကဏ္ဍအားလုံးတစ်ပြေးညီတိုးတက်ရန်နှင့် စွမ်းအင်ကဏ္ဍနှင့် ပုဂ္ဂလိက ကဏ္ဍများတွင် အများဆုံးတိုးတက်ရန် ခန့်မှန်းထားပါတယ်။

ဒါ့ကြောင့် မြန်မာနိုင်ငံဟာ စီးပွားရေးအခွင့်အလမ်းများ ပိုမိုပွင့်လင်းလာမှုရဲ့ အကျိုး ကျေးဇူးများကို ခံစားနေရတဲ့အချိန်မှာ ရခိုင်ပြည်နယ်ရဲ့ စီးပွားရေး အလားအလာတွေကိုတော့ ပြည့်ပြည့်ဝဝ ထုတ်ဖော်အသုံးမချနိုင်သေးပါဘူး။ နိုင်ငံတကာအသိုက်အဝန်းရဲ့ အာရုံစိုက်မှုက ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းပေးနိုင်တဲ့ ရခိုင်ပြည်နယ်အတွင်း များပြားစွာ တည်ရှိနေတဲ့ အလားအလာကောင်းများထက် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာဖြစ်ပွားတဲ့ တင်းမာမှုများကိုသာ အမြင်ကျဉ်းမြောင်းစွာ အာရုံထားနေခဲ့တာ ကာလရှည်ကြာခဲ့ပြီ ဖြစ်ပါတယ်။

ဒီကြီးလေးတဲ့ စိန်ခေါ်မှုများရှိနေတာကို လက်ခံပြီး ရင်ဆိုင်ကျော်လွှားသွားရန် လိုအပ် ပါတယ်။ ကျွန်မတို့ အစိုးရတာဝန်ယူစဉ်မှစတင်ပြီး တရားဥပဒေစိုးမိုးရေးနှင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော လိုအပ်ချက်တွေကို အမျိုးသားအဆင့် ဦးစားပေး လုပ်ငန်းများအဖြစ်ချမှတ် ဆောင်ရွက်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်း နေထိုင်သူများအားလုံး ရေရှည်ငြိမ်းချမ်းရေးနှင့် သဟဇာတရှိစေရေးအတွက်ဟူသော ရည်မှန်းချက်ဖြင့် လုံခြုံရေးနှင့် လူသားချင်းစာနာထောက်ထားမှုလိုအပ်ချက်များကို ပြည့်မီစေရန် ကွယ်လွန်သွားပြီဖြစ်တဲ့ ဒေါက်တာကိုဖီအာနန် ခေါင်းဆောင်တဲ့ ကော်မတီရဲ့ အစီရင်ခံစာပါ အကြံပြုချက်များနှင့်အညီ ကျွန်မတို့ အစွမ်းကုန်အားထုတ်ဆောင်ရွက်လျက်ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ ရခိုင်ပြည်နယ် ရဲ့ စီးပွားရေးအခြေအနေများကို တင်ပြလိုပါတယ်။ တည်ငြိမ်ရေးနှင့် သာယာဝပြောရေး တည်တံ့စေရန် တိုးတက်တွေရရှိဖို့ လိုအပ်ပါတယ်။ ယခုပြပွဲသို့ တက်ရောက်လာကြတဲ့ ပုဂ္ဂိုလ် အသီးသီးကလည်း ရခိုင်ပြည်နယ်ရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတွင် ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် မြန်မာနိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာတဲ့အုတ်မြစ်ချပေးတဲ့ အခန်းကဏ္ဍက ပါဝင်နိုင်ကြမှာဖြစ်ပါတယ်။

တာဝန်ယူရှိမှုရှိပြီး ကောင်းမွန်စွာအကောင်အထည်ဖော် ဆောင်ရွက်မယ့် ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကနိုင်ငံ၏ စီးပွားရေးအနာဂတ် အလားအလာဖော်ဆောင်ရာတွင် ရခိုင်ပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းဆီ တွန်းတင်ရန်အတွက် အရေးပါတဲ့အခန်း ကဏ္ဍမှာ ပါဝင်နေပါတယ်။ ဒါ့ကြောင့် ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုပြပွဲက ရှာဖွေဖော်ထုတ်ခြင်း မပြုလုပ်ရသေးတဲ့ အခွင့်အလမ်းများ အပြည့်ရှိနေတဲ့ ရခိုင်ပြည်နယ်ကို ဖော်ထုတ်ပြသပေးသွား မှာဖြစ်ပါတယ်။ ခင်မင်ရင်းနှီးဖော်ရွေပြီး ၎င်းတို့ဒေသရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် စိတ်အား ထက်သန်နေတဲ့ ပြည်သူများက ရင်းနှီးမြှုပ်နှံသူများကို ကြိုဆိုလျက်ရှိပါတယ်။ အစိုးရအဖွဲ့၊ ဖွံ့ဖြိုးမှုမိတ်ဖက်များနဲ့ ပုဂ္ဂလိကကဏ္ဍမှ အသုံးပြုလိုက်တဲ့ ငွေကြေးတိုင်းဟာ ရခိုင်ပြည်နယ်နဲ့ ရခိုင်ပြည်သူပြည်သားအတွက် ပြန်လည်ထူထောင်ရေးကို အထောက်အကူဖြစ်စေပါတယ်။

ပြီးခဲ့တဲ့လက နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့ပြီး ကိုယ်စားလှယ် ၁၆၀၀ ဦးခန့် တက်ရောက်ခဲ့တဲ့ Invest Myanmar Summit 2019 မှာ လမ်း၊ လေဆိပ်၊ တည်ဆောက်ရေး စီမံကိန်းများမှ စက်မှုဇုန်များနှင့် မြို့သစ်များ တည်ဆောက်ရေး စီမံကိန်းများအထိ ပါဝင်တဲ့ ရခိုင်ပြည်နယ်မှာ အကောင်အထည်ဖော် ဆောင်ရွက်မယ့် စီမံကိန်းအသစ်တွေကို မျှဝေခဲ့ ပါတယ်။ အဆိုပါ စီမံကိန်းများသည် စီမံကိန်းဘဏ်တွင် ပါဝင်ပြီး ယင်းစီမံကိန်းများ စတင်သည့် အခါ တင်ဒါစနစ်ဖြင့် ပွင့်လင်းမြင်သာစွာဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။

အကောင်းဆုံးသော အလေ့အထစနစ်များနှင့်အညီ စွမ်းဆောင်ရည်ပြည့်ဝစွာ စီမံခန့်ခွဲ ထားသော အထူးစီးပွားရေးဇုန်များသည် ရခိုင်ပြည်နယ်မှာရှိတဲ့ ပြည်သူများအတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မှုနဲ့ မျှော်လင့်ချက်အသစ်များ ဖြစ်ပေါ်စေမှုတို့အတွက် အဓိက အရင်းအမြစ်တစ်ခုဖြစ်ပြီး အချိန်တိုအတွင်း စက်မှုလုပ်ငန်း များစွာကို ဖန်တီးပေးနိုင်မှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ရခိုင်ဒေသရှိလုပ်ငန်းများနဲ့ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုကွင်းဆက်များကို ဖန်တီး ပေးနိုင်မှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်သို့ လာရောက်ပြီး စီးပွားရေးလုပ်ငန်း ဆောင်ရွက်ကြတဲ့ ကုမ္ပဏီများအတွက် ကုန်ကျစရိတ်များ လျော့ကျစေခြင်းအားဖြင့် အလုပ်အကိုင် အခွင့်အလမ်း များနဲ့ နာမည်ကောင်းများ ဖန်တီးပေးပြီး ရင်းနှီးမြှုပ်နှံသူများနဲ့ ဒေသခံများကို အပြန်အလှန် အကျိုးရှိစေမှာ ဖြစ်ပါတယ်။

အရေးအကြီးဆုံးကတော့ ရရှိလာတဲ့ အကျိုးအမြတ်တွေကို ပြည်သူများအားလုံး သာတူ ညီမျှ ခွဲဝေခံစားနိုင်ရေးပဲ ဖြစ်ပါတယ်။ ကျွန်မ အစဉ်တစိုက် ဦးစားပေးပြောကြားခဲ့သလို အချုပ်အခြာ အာဏာနှင့်တကွ အထူးအားဖြင့် ပြည်သူလူထုက ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရအနေဖြင့် စည်းလုံးညီညွတ်မှုနှင့် သဟဇာတဖြစ်မှုကို ဖော်ဆောင်ပေးရင်းအထူးအားဖြင့် မတူကွဲပြားမှုတွေနဲ့ တည်ဆောက်ထားတဲ့ ကျွန်မတို့ နိုင်ငံ ကဲ့သို့သော ပြည်ထောင်စုမှာ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ တာဝန်ရှိ ပါတယ်။ တစ်ဦးအတွက် ဖွံ့ဖြိုးတိုးတက်မှုဆောင်ရွက်ခြင်းဟာ အားလုံးအတွက် ဖွံ့ဖြိုးတိုးတက် မှုကိုပံ့ပိုးနိုင်စေရမှာ ဖြစ်ပါတယ်။ တာဝန်ယူမှုရှိသော ဖွံ့ဖြိုးတိုးတက်မှုကို မျှော်မှန်းအခြေပြု ထားသည့် စိတ်ရင်းကောင်း၊ မှန်ကန်သော အသိ၊ ကျွမ်းကျင်မှုနှင့် စက်မှုဆိုင်ရာ တီထွင်ဖန်တီး မှုများကို ပေါင်းစပ်ပြီးဆောင်ရွက်ဖို့ အားလုံးမှာတာဝန်ရှိပါတယ်။

ကျွန်မတို့ရဲ့ ပြည်တွင်း၊ ပြည်ပက ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့် လူငယ်စွန့်ဦးတီထွင် သူများရဲ့ “စွမ်းဆောင်နိုင်တယ်ဆိုတဲ့ စိတ်ဓာတ်”နဲ့ အစွမ်းကုန် အားထုတ်ကြိုးပမ်းလုပ်ကိုင် ဆောင်ရွက်လိုသည့် စိတ်ဆန္ဒတို့ဖြင့် ချက်ချင်းအကောင်အထည်ဖော်နိုင်ခြင်းနှင့် လက်တွေ့ ကျကျ စွမ်းဆောင်မှုများဖြင့် ပေါင်းစည်းမှုစွမ်းအားကို ယူဆောင်ပေးလာမှာဖြစ်ပါတယ်။ သူတို့ ရဲ့ စွမ်းအားများနဲ့ စိတ်အားထက်သန်မှုတွေ သူတို့ရဲ့ တီထွင်ဖန်တီးနိုင်မှုတွေက အခြားသူများ အလွယ်တကူ သတိမမူမိနိုင်သော အရာတွေကို ဖော်ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို လက်တွေ့ကျကျ ဆောင်ရွက်နိုင်ခြင်းကို ရခိုင်ပြည်သူတွေအတွက် လိုအပ်နေပါတယ်။

အလားအလာကောင်းရှိတဲ့ အခြားလုပ်ငန်းတစ်ခုကတော့ ခရီးသွားလုပ်ငန်းဖြစ်ပါတယ်။ ဂွမြို့နယ်နှင့် မာန်အောင်ကျွန်းမှာရှိတဲ့ မပျက်စီးသေးဘဲ သဘာဝအတိုင်းတည်ရှိနေတဲ့ ကမ်းခြေများကလည်း သဘာဝအခြေခံခရီးသွားလုပ်ငန်း အခြေပြုနေရာတွေအဖြစ် ပြောင်းလဲ ရန် အချိန်အခါသင့်ပြီဖြစ်ပါတယ်။ ယဉ်ကျေးမှု အမွေအနှစ်များ ထုတ်ဖော်ရာတွင်လည်း မြောက်ဦးဒေသကို ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ဒေသတစ်ခုအဖြစ် အမည်စာရင်းသတ်မှတ်ခံရရန် ဆောင်ရွက်လျက်ရှိပါတယ်။ မြောက်ဦးဒေသဟာ လူသိနည်းပြီး ရှေးရခိုင်မင်းများ၏ ရင်သပ်ရှုမောဖွယ်ရာ အလှတရားများဖြင့် ခမ်းနားသော ဗိသုကာလက်ရာ များဖြင့် အသေးစိတ် ထုံမွမ်းထားသော ကမ္ဘာတွင်ဖော်ထုတ်ရန် ကျန်နေသေးသည့် ဘာသာရေး ဆိုင်ရာဒေသကြီးတစ်ခု ဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းမြှင့်တင်ခြင်းအားဖြင့် ရခိုင်မင်းများ၏ ကြွယ်ဝလှသော ယဉ်ကျေးမှုနှင့် အနုသုခုမဆိုင်ရာ ထွန်းကားခံ့ညားထည်ဝါမှု ပြယုဂ်ကို ပြင်ပကမ္ဘာမှ ပိုမိုသိရှိနားလည်နိုင်မှာ ဖြစ်ပါတယ်။

အိမ်ခြံမြေလုပ်ငန်း၊ အခြေခံအဆောက်အဦ တည်ဆောက်ခြင်းလုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်း၊ အဝတ်အထည်နှင့် အထည်အလိပ်ထုတ်လုပ်သည့်လုပ်ငန်း၊ စက်မှုလုပ်ငန်း၊ ရေလုပ်ငန်း၊ သစ်တောလုပ်ငန်း၊ မွေးမြူရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အတွက် အလားအလာကောင်းများ ဖော်ဆောင်ပေးနိုင်သော ကဏ္ဍများမှာပါဝင်ပါတယ်။ ရေနံ နှင့် သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းများမှာလည်း ရခိုင်ပြည်နယ်ရဲ့ အလား အလာကောင်းမွန်တဲ့ ပိုင်ဆိုင်မှုတစ်ခုဖြစ်ပါတယ်။ ကမ်းလွန် သဘာဝဓာတ်ငွေ့သိုက်များမှ စီးပွားဖြစ် စတင်ထုတ်လုပ်မှုများအား လာမည့်နှစ်များတွင် စတင်နိုင်လိမ့်မည်ဟု မျှော်လင့်မိပါ တယ်။ အဆိုပါအရင်းအမြစ်များမှ အချို့အပိုင်းကို အသုံးချပြီး ရခိုင်ပြည်နယ်အတွက် လျှပ်စစ်မီး ပိုမိုရရှိရေး ထောက်ပံ့ပေးနိုင်မည်ဖြစ်သည့်အပြင် စိုက်ပျိုးရေးနှင့် ရေထွက်ပစ္စည်း ထုတ်ကုန်များအား တန်ဖိုးမြှင့်ထုတ်လုပ်ပြီး ပြည်ပတင်ပို့နိုင်သည့် လုပ်ငန်းများ ပေါ်ထွန်းလာရေးတွင်လည်း အထောက်အကူပြုမှာဖြစ်ပါတယ်။ အလားအလာကောင်း များဟာ များပြားပြီး ထပ်မံ၍ လည်း တိုးပွားလာနိုင်ခြေရှိပါတယ်။

ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရင်းတစ်ဖက်တွင်လည်း ရင်းနှီးမြှုပ်နှံမှုများကြောင့် ထိခိုက် ပျက်စီးလွယ်သည့် သဘာဝပတ်ဝန်းကျင်ကို ထပ်မံ၍ ထိခိုက်စေခြင်းမဖြစ်စေရန် ကျွန်မတို့ အနေဖြင့် ကောင်းစွာကိုင်တွယ်တတ်ဖို့လိုပါတယ်။ ကျွန်မအစောပိုင်းတွင် ပြောကြားခဲ့သည့် အတိုင်း ရေလုပ်ငန်းဟာ ရခိုင်ပြည်နယ်၏ ပထဝီအနေအထားအရ ကိုက်ညီမှုရှိသော လုပ်ငန်း တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ အဖိုးတန် ဒီရေတောနှင့် သဘာဝအရင်းအမြစ်များကို ဆုံးရှုံး လျော့ပါးစေနိုင်သည့် တရားမဝင်စီးပွားဖြစ် ငါးဖမ်းလုပ်ငန်းများ အတားအဆီးမရှိ တိုးပွား လာနေမှုကို ရှောင်ကြဉ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အားလုံးမှလည်း သဘာဝအလှများ နှင့် ငပလီရဲ့ တည်ငြိမ်အေးချမ်းသော အလှတရားများအား ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ကိုလည်း မျှော်လင့်နေမယ်လို့ ကျွန်မယုံကြည်ပါတယ်။ ဒါ့ကြောင့် သယံဇာတကြွယ်ဝမှုနှင့် ပြည်သူများ၏ ဘဝအဆင့်မြင့်မားမှု၏ အခြေခံဖြစ်သည့် ဂေဟစနစ်ကိုကာကွယ်နိုင်တဲ့ တာဝန် ယူမှု၊ တာဝန်ခံမှုရှိသော ရင်းနှီးမြှုပ်နှံမှုကို ရှာဖွေနိုင်ဖို့ မျှော်လင့်မိပါတယ်။

ဖွံ့ဖြိုးတိုးတက်မှုဝန်းကျင်တွင် အချိန်နောက်ကျ ရောက်လာသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အတွက် အကြံတူ နောက်လူသာစမြဲ ဆိုသည့်အတိုင်း ရခိုင်ပြည်နယ်သည် ထိုအကျိုး ကျေးဇူးကိုခံစားရန် အဆင်သင့်ဖြစ်နေပြီး အခြားသူများ၏ အတွေ့အကြုံများ၊ အမှားအယွင်း များကို လေ့လာနိုင်ပြီး အခွင့်အလမ်းသစ်များနှင့် နယ်ပယ်သစ်များအား ဖွင့်လှစ်နိုင်မှာပဲ ဖြစ်ပါ တယ်။ ဒါကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲကို ပါဝင် ဆင်နွှဲကြရန် ဖိတ်ခေါ်အပ်ပါတယ်။ ရခိုင်ပြည်သူများ၏ ငြိမ်းချမ်းရေးနှင့် ကြွယ်ဝချမ်းသာရေး ကို ဖော်ဆောင်ပေးပြီး ရခိုင်ပြည်နယ်၏ မပျက်မစီးတည်ရှိနေသေးသော သဘာဝပတ်ဝန်းကျင် ကို လေးစားသော တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံသူများအား မိမိတို့ အစိုးရအနေဖြင့် ကောင်း ချီးပေးကာ ပံ့ပိုးထောက်ပံမှုပေးသွားမှာ ဖြစ်ပါတယ်။

မိမိအနေဖြင့် ယနေ့ကျင်းပသည့် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲသည် ရခိုင် ပြည်နယ်၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို တစ်ခေတ်ဆန်းသစ်စေမည် သာမက မြန်မာ နိုင်ငံ၏ စီးပွားရေးတိုးတက်မှုတွင် အထင်ကရ မှတ်ကျောက်တစ်ခု တင်နိုင်မည်ဟူ၍ မျှော်လင့်မိပါတယ်။ ကျေးဇူးတင်ပါတယ်။

Announcements

Latest Updates

Activities