မြန်မာနိုင်ငံသား ခရီးသွားများ၊ ခရီးသွားလာရာ၌ သတိပြု သင့်သည်များနှင့်ပတ်သက်၍ အသိပေးနှိုးဆော်ခြင်း
၁။ ၂၀၁၈ ခုနှစ်အတွင်း ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့သို့ အကြောင်းကိစ္စ အမျိုးမျိုးဖြင့် လာရောက်ကြသည့် မြန်မာနိုင်ငံသား ခရီးသွားများအနက် ခရီးသွားလာရင်း လမ်းခရီးတွင် ခါးပိုက်နှိုက်ခံရ၍လည်းကောင်း၊ ခိုးယူခံရ၍ လည်းကောင်း၊ အဖိုးတန်ပစ္စည်းများ၊ ငွေကြေးများနှင့် မြန်မာနိုင်ငံကူး လက်မှတ်များ ပျောက်ဆုံးသွားသဖြင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် (C of I )များကို လန်ဒန်မြို့၊ မြန်မာသံရုံးမှ ထုတ်ပေးခဲ့မှုများ ရှိခဲ့ပါသည်။
၂။ ဗြိတိန်နိုင်ငံ၌ ခါးပိုက်နှိုက်ခိုးယူသူများသည် အာရှနိုင်ငံသားများ အနေဖြင့် Credit Card နှင့် Debit Card အသုံးပြုမှုနည်းပါးပြီး ငွေသားအများအပြား ကိုင်ဆောင် အသုံးပြုလေ့ရှိသည်ဟုယူဆသဖြင့် ပိုမိုပစ်မှတ်ထားခံကာ ခိုးယူခံရခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။
၃။ ယခုမတ်လဆန်းတွင် လန်ဒန်မြို့သို့ အလည်အပတ် လာရောက် သည့် မြန်မာနိုင်ငံသား အမျိုးသမီး(၂)ဦးအား မူးယစ်ဆေးဝါးများ သယ်ဆောင် ရောင်းဝယ်မှုပြုကြောင်း သံသယ ဖြစ်ဖွယ်တွေ့ရှိရသဖြင့် စစ်ဆေးမေးမြန်းမည် ဟုဆိုကာ လန်ဒန်မြို့ မက်ထရို ပိုလီတန် ရဲတပ်ဖွဲ့ဝင်များအဖြစ် အယောင် ဆောင်ထားသည့် အမျိုးသား(၆)ဦးမှ ၎င်းတို့ ပါရှိလာသည့် ပစ္စည်းများအား ရှာဖွေမှု ပြုလုပ်ပြီးနောက် ၎င်းတို့ပါရှိသည့် အမေရိကန် ဒေါ်လာငွေများနှင့် စတာလင်ပေါင်ငွေများအား လိမ်လည်ယူဆောင် သွားမှုဖြစ်စဉ် ဖြစ်ပွားခဲ့ ပါသည်။ ၂၀၁၈ ခုနှစ်အတွင်း ၎င်းကဲ့သို့ ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး အမျိုးသမီး (၂)ဦး အလိမ်ခံခဲ့ရပါသည်။ အဆိုပါ ဒုစရိုက်မှု ကျူးလွန်သူ အများစုမှာ ဗြိတိန်နိုင်ငံသို့ လာရောက်အခြေချနေထိုင်သည့် တတိယနိုင်ငံများမှ ဒုက္ခသည် အမည်ခံသူများဖြစ်ကြောင်း၊ ၎င်းတို့သည် လူစည်ကားရာနေရာများ၌ အုပ်စုဖွဲ့နေထိုင်ကာ အလစ်သုတ်ခြင်း၊ ခါးပိုက်နှိုက်ခြင်းများကို ပြုလုပ်လေ့ ရှိကြောင်း၊ လူသွားလူလာပြတ်သော နေရာများ၌ ရပ်နားထားသည့် မော်တော်ယာဉ်များအား မှန်ရိုက်ခွဲ၍ အတွင်းရှိ အဖိုးတန်ပစ္စည်းများအား နှိုက်ယူခြင်း၊ ခေတ်မီနည်းစနစ်သုံး ကားသော့အတု များဖြင့် မော်တော်ယာဉ် များအား ခိုးယူခြင်းများ ပြုလုပ်လျက်ရှိသည်ကို လေ့လာတွေ့ရှိရပါသည်။
၄။ သို့ပါ၍ အဆိုပါဖြစ်စဉ်မျိုးများမှ တားဆီးကာကွယ်သွားနိုင်ရေး အတွက် အထူးဂရုပြုသွားလာကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
မြန်မာသံရုံး၊
လန်ဒန်မြို့။