နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကမ္ဘောဒီးယားနိုင်ငံ တရားဝင် ချစ်ကြည်ရေးခရီးစဉ် (ဒုတိယနေ့)
(၃၀-၄-၂၀၁၉ ရက်၊ ဖနောင်ပင်မြို့)
ကမ္ဘောဒီးယားနိုင်ငံတွင် တရားဝင် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဒေသစံတော်ချိန် ၀၈၃၀ နာရီတွင် ကမ္ဘောဒီးယားနိုင်ငံ၏ လွတ်လပ်ရေးကျောက်တိုင်သို့ သွားရောက်၍ ဂုဏ်ပြုပန်းခွေချခဲ့ပါသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကမ္ဘောဒီးယားဘုရင့်ခမည်းတော် Norodom Sihanouk ၏ အထိမ်းအမှတ်ရုပ်ထုသို့ ဆက်လက်သွားရောက်ကာ လွမ်းသူ့ပန်းခွေချခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ရုံး Peace Palace တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် H.E. Mr. Samdech HUN SEN ၏ ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားသို့ တက်ရောက်ခဲ့ပြီးနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့ ဦးဆောင်သော နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့များသည် မြန်မာ - ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကမ္ဘောဒီးယားနိုင်ငံအစိုးရမှ ရခိုင်ပြည်နယ် လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၉ သောင်း ပေးအပ်လှူဒါန်းမှုအတွက် ကျေးဇူးတင်စကားပြောကြားပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ်အား နှစ်ဦးနှစ်ဘက်အဆင်ပြေသည့်အချိန်တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ပါသည်။
ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်သို့ သွားရောက်၍ ကမ္ဘောဒီးယားနိုင်ငံ၊ အောက်လွှတ်တော် ဥက္ကဌ H.E. Mr. Samdech HENG SAMRIN နှင့်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံလွှတ်တော်များအကြား ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် ဆွေနွေးခဲ့ပါသည်။
အဆိုပါ အခမ်းအနားများသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်စိုးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ဓါတ်ပုံ - သတင်းစဉ်