နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟန်ဂေရီနိုင်ငံဝန်ကြီးချုပ် Mr. Viktor Orban နှင့်တွေ့ဆုံခြင်း
(၅-၆-၂၀၁၉ ရက်၊ ဘူဒါပက်စ်မြို့)
ဟန်ဂေရီနိုင်ငံ၊ ဘူဒါပတ်စ်မြို့တွင် ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဟန်ဂေရီနိုင်ငံ ဝန်ကြီးချုပ် Mr. Viktor Orban နှင့် ယနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် ဘူဒါပတ်စ်မြို့ရှိ ဟန်ဂေရီနိုင်ငံဝန်ကြီးချုပ်ရုံး၌ တွေ့ဆုံသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဟန်ဂေရီနိုင်ငံဝန်ကြီးချုပ်ရုံးသို့ရောက်ရှိရာ ဝန်ကြီးချုပ်က ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ပြီး ဝန်ကြီးချုပ်ရုံးအတွင်းနှင့် ဝန်ကြီးချုပ်ရုံးအပေါ်မှနေ၍ ဒေးညုမြစ်ရှုခင်းအား လိုက်လံပြသသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ၎င်းနှင့်အတူ အဖွဲ့ဝင်အဖြစ်လိုက်ပါလာကြသည့် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် ဦးကျော်တင်၊ ဟန်ဂေရီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးအေး၊ တာဝန်ရှိသူများနှင့် မိတ်ဆက်ပေးရာ ဟန်ဂေရီနိုင်ငံ ဝန်ကြီးချုပ်ကလည်း ၎င်းနှင့်အတူ ကြိုဆိုကြသည့် ဟန်ဂေရီနိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး Mr. Peter Szijjarto ၊ မြန်မာနိုင်ငံဆိုင်ရာ ဟန်ဂေရီ သံအမတ်ကြီး၊ တာဝန်ရှိသူများအား ပြန်လည်မိတ်ဆက်ပေးသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဟန်ဂေရီနိုင်ငံဝန်ကြီးချုပ် တို့တွေ့ဆုံကြရာ မြန်မာနိုင်ငံနှင့် ဟန်ဂေရီနိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ၊ ရခိုင်ပြည်နယ်တွင် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုကိစ္စရပ်များ၊ မြန်မာနှင့် ဟန်ဂေရီ နှစ်နိုင်ငံအကြား အပြန်အလှန် ထိတွေ့ဆက်ဆံမှု ပိုမိုထိရောက်စွာ တိုးမြှင့်သွားနိုင်ရေးအတွက် နှစ်နိုင်ငံမြို့တော်များတွင် သံရုံးများ အပြန်အလှန် ဖွင့်လှစ်သွားနိုင်ရေးကိစ္စရပ်များကို နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဟန်ဂေရီနိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးရုံးသို့ ရောက်ရှိပြီး နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး Mr. Peter Szijjarto နှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံနှင့် ဟန်ဂေရီနိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရန် နှစ်ဦးနှစ်ဖက်ဆန္ဒရှိသည်နှင့်အညီ လုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရေးကိစ္စရပ်များ၊ ဟန်ဂေရီနိုင်ငံမှ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် အထောက်အကူပြုနိုင်ရန် Tied Aid Credit ချေးငွေပေးအပ်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှပ့်နှံမှုကဏ္ဍတွင်သာမက လူမှုရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေးကိစ္စရပ်များ၊ အာဆီယံဒေသတွင်းနှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမျက်နှာစာတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟန်ဂေရီနိုင်ငံမှ မြန်မာနိုင်ငံသို့ ပညာတော်သင်ဆုများ ဆက်လက်ပေးအပ်သွားရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့်အီးယူအကြား ဆက်ဆံရေး၊ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု မြင့်တင်နိုင်ရေးအတွက် ဟန်ဂေရီနိုင်ငံမှ အကူအညီပေးသွားမည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင် ကူးပြောင်းရေးကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းအားထုတ်မှုများတွင် ဟန်ဂေရီနိုင်ငံမှ အပြုသဘော အကူအညီပေးသွားမည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဟန်ဂေရီ နိုင်ငံခြားရေးနှင့်ကုန်သွယ်ရေး ဝန်ကြီးတို့သည် ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်ကြသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဟန်ဂေရီနိုင်ငံ နိုင်ငံခြားရေးနှင့်ကုန်သွယ်ရေးဝန်ကြီး Mr. Peter Szijjarto က တည်ခင်းဧည့်ခံသည့် အလုပ်သဘော နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ဓါတ်ပုံ - သတင်းစဉ်