နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာတာရိုခိုနိုအား လက်ခံတွေ့ဆုံ
(၃၁-၇-၂၀၁၉ ရက်၊ နေပြည်တော်)
ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာရိုခိုနိုသည် မြန်မာနိုင်ငံသို့ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် တစ်ရက်တာခရီး လာရောက်ခဲ့ပါသည်။
၎င်း၏ခရီးစဉ်အတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာတာရိုခိုနိုအား ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့၊ ၁၁၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကျိုးတူဆိုင်ရာကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် ဆက်လက်ကူညီသွားရေး၊ မြန်မာနိုင်ငံအစိုးရ၏ ရခိုင်အရေးကိစ္စတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ဝိုင်းဝန်းကူညီသွားရေးနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို မြန်ဆန်စေရေးအတွက် မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်နိုင်ငံအစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာရိုဟေးဆာဆာကာဝါနှင့်အတူ ပူးပေါင်းကူညီသွားရေး စသည့် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံကို အကူအညီပေးရန် သဘောတူထားသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့သည် နှစ်နိုင်ငံပူးတွဲသတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ဆက်လက်၍ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာရိုခိုနို ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား Hilton ဟိုတယ်တွင် နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။