ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး က အာဆီယံဆိုင်ရာ ဗြိတိန်ကိုယ်စားလှယ်အဖွဲ့ရုံး၌ သွားရောက် တာဝန်ထမ်းဆောင်မည့် ဗြိတိန်သံအမတ်ကြီးနှင့် တွေ့ဆုံခဲ့ခြင်း
(၁၈-၉-၂၀၁၉ ရက်၊ လန်ဒန်မြို့)
ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းသည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ ပထမဦးဆုံး စတင်ဖွင့်လှစ်သော အာဆီယံဆိုင်ရာ ဗြိတိန်ကိုယ်စားလှယ်အဖွဲ့ရုံးတွင် သွားရောက် တာဝန်ထမ်းဆောင်မည့် ဗြိတိန်သံအမတ်ကြီး H.E. Mr. Jon Lambe အား ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့၊ မွန်းလွဲ (၁၃၀၀)နာရီတွင် လန်ဒန်မြို့ရှိ မြန်မာသံအမတ်ကြီးနေအိမ်၊ Myanmar House ၌ အလုပ်သဘော နေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။
ယင်းသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဖြစ်ပေါ်တိုးတက်မှုများ၊ ရခိုင်ပြည်နယ်ကိစ္စရပ်နှင့်ပတ်သက်၍ မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်ဆောင်ရွက်နေမှုများ၊ ဗြိတိန်-မြန်မာ၊ ဗြိတိန်-အာဆီယံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ဗြိတိန်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ခိုင်မာသည့် မိတ်ဖက်ဆက်ဆံရေး မြှင့်တင်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့် ဗြိတိန်နိုင်ငံ၏ နိုင်ငံရေးကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။