(၇၄)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်
(၂၅-၉-၂၀၁၉ ရက်၊ နယူးယောက်မြို့)
(၇၄)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်တွင် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ကျင်းပရာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေသည် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်/ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း၊ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်းတို့နှင့်အတူ တက်ရောက်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှ နိုင်ငံအကြီးအကဲ၊ အစိုးရအကြီးအကဲနှင့် ဝန်ကြီးအဆင့်ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Mr. Antonio Guterres နှင့် အထွေထွေညီလာခံ သဘာပတိ Mr. Tijjani Muhammad-Bande တို့တက်ရောက် ခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် ညီလာခံသဘာပတိတို့က အဖွင့်မိန့်ခွန်း ပြောကြားကြပြီး အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ အမေရိကန် သမ္မတ မစ္စတာ ဒေါ်နယ်ထရန့် အပါအဝင် နိုင်ငံပေါင်း (၃၇)နိုင်ငံမှ နိုင်ငံအကြီးအကဲများက အထွေထွေမူဝါဒရေးရာ မိန့်ခွန်းများ အသီးသီး ပြောကြားခဲ့ကြသည်။
အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်မှ ၃၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး၊ ဆွေးနွေးပွဲအစီအစဉ်အရ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်တွင် အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားသွားရန်ရှိကြောင်း သိရှိရသည်။