နေပြည်တော် ဇွန် ၁၇
နှစ်နိုင်ငံ ပြည်သူအချင်းချင်းကြား ထိတွေ့ဆက်ဆံမှု မြှင့်တင်ရေး၊ မြန်မာနိုင်ငံ၏ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြင်သစ်နိုင်ငံက တိုးမြှင့် အကူအညီပေးရေးတို့နှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ပြင်သစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီး မစ္စတာ Mr. Jean-Marc AYRAULT တို့ တွေ့့ ဆုံစဉ် ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နို်င်ငံတော်သမ္မတနှင့် ဧည့်သည်တော်ဝန်ကြီးတို့သည် နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်မှု ပိုမိုမြှင့်တင်ရေး၊ ပညာရေး၊ ယဉ်ကျေးမှုကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ နိုင်ငံ၏ လက်ရှိ ဆောင်ရွက်နေသည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့် လူ့အခွင့်အရေး မြှင့်တင်နိုင်ရန်အတွက် ဆောင်ရွက်နေမှုများ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစု ပင်လုံ အကြို ပြင်ဆင်နေမှုများနှင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး ပြင်သစ်နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးက နို်င်ငံတော်သမ္မတ အား ပြင်သစ် သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ရန် ဖိတ်ကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ပြင်သစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ နံနက် (၁၁) နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံစဉ် ထိုသို့ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်၊ ဦးဖေဇင်ထွန်း၊ ဒုတိယဝန်ကြီး ဦးကျော်တင်တို့ တက်ရောက်ကြပြီး ဧည့်သည်တော်ဝန်ကြီးဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Mr. Oilvier Richard လည်း တက်ရောက်သည်။