Embassy of the Republic of the Union of Myanmar London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေး ကြိုးပမ်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြား (၂၇-၂-၂၀၁၉ ရက်၊ ဂျီနီဗာမြို့)

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေး ကြိုးပမ်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြား
(၂၇-၂-၂၀၁၉ ရက်၊ ဂျီနီဗာမြို့)

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ဖေဖော်ဝါရီလ ၂၅ မှ ၂၇ ရက်အထိ ကျင်းပသည့် လူ့အခွင့်အရေးကောင်စီ၏ အကြိမ် (၄၀) မြောက် ပုံမှန်အစည်းအဝေး အဆင့်မြင့်ကဏ္ဍသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တက်ရောက်ခဲ့ပြီး၊ ၂၆-၂-၂၀၁၉ ရက်တွင် မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက မိန့်ခွန်းပြောကြားရာတွင် လူ့အခွင့်အရေးကောင်စီမှ လိုက်နာသင့်သည့် မူဝါဒများ၏ အရေးပါမှုနှင့် ပတ်သက်၍ လည်းကောင်း၊ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေး၊ ရခိုင်ပြည်နယ်အရေးကိစ္စ ဖြေရှင်းဆောင်ရွက်နေမှုနှင့် လူ့အခွင့်အရေး မြှင့်တင်ရေးအတွက် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများနှင့် ကြုံတွေ့ရသောစိန်ခေါ်မှုများ ကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရာတွင် ထိပ်တိုက်တွေ့ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းတို့အစား ဆွေးနွေးမှု၊ အပြုသဘောဆောင်သည့် ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများမှ တစ်ဆင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ကြောင်း၊ ကောင်စီမှ လွတ်လပ်စွာ ဆောင်ရွက်ရန် ခန့်အပ်တာဝန်ပေးထားသည့် ပုဂ္ဂိုလ်/ယန္တရားများအနေဖြင့် လွတ်လပ်မှု၊ ဘက်မလိုက်မှု၊ ဂုဏ်သိက္ခာစောင့်ထိန်းမှုတို့ကို တိကျစွာ လိုက်နာရန်နှင့် မည်သူမဆို မိမိတို့၏ ပြောဆိုရေးသား အစီရင်ခံချက်များအတွက် တာဝန်ယူမှုရှိရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအနေဖြင့် ယင်းပြည်သူများ၏ လူ့အခွင့်အရေး ဖော်ဆောင်ရေးအတွက် ပဏာမတာဝန်ရှိသည်ဟူသော အချက်ကို အသိအမှတ်ပြုကြရန်နှင့် ယင်းနိုင်ငံ၏ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှု နောက်ခံအခြေအနေများ၊ လူသားစွမ်းဆောင်ရည် လိုအပ်ချက်များသာမက၊ ယင်းနိုင်ငံ တစ်နိုင်ငံချင်း၌ ကြုံတွေ့နေရသော အခြားစိန်ခေါ်မှုများနှင့် ရှုပ်ထွေးမှုများကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ထောက်ပြ ရှင်းလင်းပြောကြားခဲ့ပါသည်။

ဒီမိုကရေစီနည်းလမ်းဖြင့် ရွေးချယ်တင်မြှောက်ထားသည့် အရပ်သားအစိုးရ စတင်အုပ်ချုပ်ချိန်မှစ၍ မြန်မာနိုင်ငံအတွင်း ပြည်သူများအနေဖြင့် လွတ်လပ်မှုနှင့် ဒီမိုကရေစီ အခွင့်အရေးများကို ပိုမိုရရှိခံစားကြလျက် ရှိကြောင်း၊ ကျန်းမာရေး၊ ပညာရေးနှင့် လူမှု-စီးပွားကဏ္ဍများတွင် မြင်သာသည့် တိုးတက်မှုများ ရှိနေပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (MSDP) အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ မကြာသေးမီက အာဏာရပါတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) တွင် ပါရှိသည့် ဒီမိုကရေစီနှင့် ကိုက်ညီမှု မရှိသော ဖော်ပြချက်များကို ပြင်ဆင်နိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော်တွင် ပူးပေါင်းကော်မတီတစ်ရပ်ကို ဖွဲ့စည်း၍ စတင်ဆောင်ရွက်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့နိုင်ရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံကို (၃) ကြိမ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး၊ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးအတွက် အခြေခံမူဝါဒ (၅၁) ရပ်ကို ချမှတ်နိုင်ခဲ့ခြင်းနှင့် ညီလာခံ၏ ရှေ့လုပ်ငန်းစဉ်တို့နှင့် စပ်လျဉ်း၍လည်းကောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀) ဖွဲ့ လက်မှတ်ရေးထိုးခဲ့ခြင်းနှင့် အားလုံး ပါဝင်လက်မှတ်ရေးထိုးရေးအတွက် အစိုးရမှ ကြိုးပမ်းဆောင်ရွက်နေမှု တို့ကိုလည်းကောင်း၊ တပ်မတော်အနေဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှ စ၍ လေးလကြာ စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ရပ်ဆိုင်းပေးထားမှုနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မကြာသေးမီက “အေအေ” သောင်းကျန်းသူတို့က စတင်တိုက်ခိုက်ရာမှ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေမှုကြောင့် အခြေအနေကို ပိုမိုရှုပ်ထွေးလာရမှုအားလည်းကောင်း အသိပေးပြောကြားခဲ့ပြီးနောက်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်စေရေး အရေးတကြီးလိုအပ်မှုကို အလေးပေးဖေါ်ပြခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက “လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းစေခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှုများကို လမ်းခင်းပေးနိုင်သလို ပဋိပက္ခနှင့် ဆက်စပ်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း အဆုံးသတ်ပေးနိုင်မည် ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းရာတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် သိမ်မွေ့သော ဒီမိုကရေစီကူးပြောင်းရေး ကြိုးပမ်းဆောင်ရွက်ရာ၌ စိန်ခေါ်မှုများစွာနှင့် ကြုံတွေ့နေရဆဲဖြစ်၍ နိုင်ငံတကာ၏ ဆက်လက် ကူညီပံ့ပိုးမှုကို လိုအပ်နေချိန်တွင် ကမ္ဘာက ရခိုင်ပြည်နယ်အရေးကိစ္စကို အဆိုးမြင်ရှုထောင့်မှသာ အမြင်ကျဉ်းမြောင်းစွာ အာရုံစိုက်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံကို ဦးတည်ဆန့်ကျင်တိုက်ခိုက်နေကြသည့် သတင်းမီဒီယာများက ကျယ်ပြန့်သော လှုပ်ရှားမှုများဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်း အရေးကိစ္စအား ဘာသာရေးဖိနှိပ်မှု ပြဿနာအဖြစ် မမှန်မကန် ပုံဖော်နေကြကြောင်း၊ ယင်းမှာ ဘာသာရေး ဖိနှိပ်ချုပ်ချယ်မှု မဟုတ်သကဲ့သို့ ကိုးကွယ်ယုံကြည်မှု ကွဲပြားသူများအကြား ပဋိပက္ခလည်း မဟုတ်ပါကြောင်း၊ အမှန်မှာ ကိုလိုနီခေတ်ကတည်းက စတင်ခဲ့သည့် တရားမဝင် နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းသွားလာမှု၊ ဆင်းရဲမွဲတေမှု၊ တရားဥပဒေစိုးမိုးမှု လျော့နည်းပြီး အမျိုးသားလုံခြုံရေးကိစ္စတို့ ပါဝင်ပတ်သက်နေသည့် နိုင်ငံရေးနှင့် စီးပွားရေးပြဿနာမျှသာ ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းဖြစ်စဉ်များ ရှိနေလင့်ကစား နိုင်ငံအနှံ့အပြားတွင် မွတ်စလင်အများစု အပါအဝင် ယုံကြည်မှု ကွဲပြားခြားနားသူများ သဟဇာတဖြစ်စွာ နေထိုင်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ၂၀၁၆ ခုနှစ် အောက်တိုဘာနှင့် ၂၀၁၇ ခုနှစ် သြဂုတ်လများတွင် ဖြစ်ပွားခဲ့သည့် ရဲကင်းစခန်းများသို့ အာဆာ အကြမ်းဖက်များက ကြိုတင်အကွက်ချ တိုက်ခိုက်မှုမှ စတင်သည့် အကြမ်းဖက်မှုများကြောင့် ထိခိုက်ခံစားခဲ့ရသည့် အသိုက်အဝန်းများနှင့် ပတ်သက်၍ မိမိတို့လည်း ထပ်တူ စိုးရိမ်ပူပန်ပါကြောင်းနှင့် အာဆာ၏ အကြမ်းဖက်မှုများအား ကြောက်ရွံ့ခြင်းကြောင့် လူအမြောက်အများ နေရပ်စွန့်ခွာမှုများ ဖြစ်ပွားစေခဲ့ကြောင်း ထောက်ပြခဲ့ပြီး၊ ဥပဒေနှင့် မညီညွတ်သော အကြမ်းဖက်မှုများအား မည်သည့်ဘက်မှ ကျူးလွန်သည်ဖြစ်စေ ပြစ်တင်ရှုတ်ချကြရမည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့ပါသည်။

နိုင်ငံသားဖြစ်မှု၊ လွတ်လပ်စွာ သွားလာခွင့်ကိစ္စ၊ IDP စခန်းများ ပိတ်သိမ်းရေး၊ ပညာရေးနှင့် ကျန်းမာရေးတို့အား ဦးစားပေးကဏ္ဍ (၅) ရပ်အဖြစ် ရွေးချယ်၍ လုပ်ငန်းအစီအစဉ် ချမှတ်ရန် ဆောင်ရွက်လျက် ရှိကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် (ကိုဖီအာနန် ကော်မရှင်) ၏ အကြံပြုချက် အများစုကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်းနှင့်၊ အစိုးရအနေဖြင့် ရခိုင်ပြည်နယ်ရှိ ပြည်သူများအတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်တည်တံ့သည့် ဖြေရှင်းမှုကို ရှာဖွေသွားရန် အပြည့်အဝ ကတိကဝတ်ပြုထားကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလက မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့အကြား သဘောတူညီချက်များနှင့်အညီ ဆန္ဒအလျောက်၊ ဘေးကင်းလုံခြုံစွာနှင့် ဂုဏ်သိက္ခာရှိစွာ ပြန်လည်လာရောက်မည့် စိစစ်အတည်ပြုပြီးသူများအား လက်ခံရန် အဆင်သင့်ရှိမှုကို ထပ်လောင်းအတည်ပြုလျက် “လက်ရှိတွင် အရေးအကြီးဆုံး တာဝန်တစ်ရပ်မှာ အခြားကိစ္စရပ်များအပေါ် အာရုံထားခြင်းထက် လူသားချင်းစာနာမှု အကျပ်အတည်းများကို ဖြေရှင်းရေးအတွက် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို အမြန်ဆုံး စတင်ရန် ဖြစ်ကြောင်း” ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါသည်။

ပြန်လည်ဝင်ရောက်မည့်သူများအတွက် သင့်လျော်ကောင်းမွန်သည့် ပတ်ဝန်းကျင် ဖန်တီးပေးနိုင်ရေးအတွက် မြန်မာအစိုးရ အနေဖြင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့နှင့်လည်းကောင်း၊ အာဆီယံ မိတ်ဆွေနိုင်ငံများနှင့် ဒေသတွင်း မိတ်ဖက်နိုင်ငံများနှင့်လည်းကောင်း ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ UEHRD မှတစ်ဆင့် အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူများထံမှ ထည့်ဝင်ပံ့ပိုးငွေများကိုလည်း စုစည်းသုံးစွဲ ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ရခိုင်ပြည်နယ်တွင် အလုပ်အကိုင် အခွင့်အလမ်းများ၊ ဝင်ငွေနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် “ရခိုင်ပြည်နယ်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုပြပွဲ”ကို မကြာမီက ကျင်းပခဲ့ကြောင်းနှင့်“ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ပေးခြင်း သည်သာ အသိုက်အဝန်းများအကြား ပဋိပက္ခများကို အဆုံးသတ်ရေးအတွက် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

အခြားတစ်ဖက်တွင်မူ၊ မြန်မာနိုင်ငံအနေဖြင့် FFM ခေါ် လူ့အခွင့်အရေးကောင်စီ၏ အချက်အလက်ရှာဖွေရေးအဖွဲ့အား စတင်တည်ထောင်စဉ်ကပင် ပြတ်သားစွာ ကန့်ကွက်ခဲ့ကြောင်း၊ တစ်ဖက်သတ် ပြောကြားချက်များအပေါ် အခြေခံသည့် ယင်း၏ အစီရင်ခံစာတွင်လည်း အာဆာ အကြမ်းဖက်အဖွဲ့၏ ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုများအပေါ် စုံစမ်းစစ်ဆေးမှု မပါရှိခြင်း၊ မွတ်စလင် နေရပ်စွန့်ခွာသူများ၏ ပြောကြားချက်များမှ ရရှိသည့် ဖြစ်စဉ်များကိုသာ အပြည့်အဝ လက်ခံထားခြင်း၊ ယင်းနှင့် ဆန့်ကျင်သည့် သက်သေအချက်အလက်များကို ငြင်းပယ်ထားခြင်း၊ အာဆာ အကြမ်းဖက်အဖွဲ့မှ ကျူးလွန်သည့် အစုအပြုံလိုက် သတ်ဖြတ်မှုများကို ဖော်ပြသည့် အစီရင်ခံစာများအား လျစ်လျူရှုထားပြီး၊ အာဆာ၏ ရက်စက်ကြမ်းကြုတ်မှုများကို ထည့်သွင်းမဖော်ပြထားခြင်း၊ အစီရင်ခံစာ၏ နောက်ဆုံး သုံးသပ်ချက်မှာလည်း သက်သေအထောက်အထား လုံလောက်စွာ ဖော်ပြမှုမရှိဘဲ နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ကောက်ချက်ချမှုများသာ ဖြစ်ခြင်း စသည့် အကြောင်းရင်းများကြောင့် ယင်းအစီရင်ခံစာကိုလည်း ကန့်ကွက်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ထပ်လောင်းအတည်ပြု ပြောကြားခဲ့ပါသည်။

လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) နှင့် ယင်း၏ အချက်အလက် စုဆောင်းရေးနှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ (ECVT) တို့၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှု သတင်းအချက်အလက်များကိုလည်း ပြည်ထောင်စုဝန်ကြီးက မျှဝေအသိပေးပြောကြားခဲ့ပါသည်။ အစိုးရအနေဖြင့် တာဝန်ခံမှုကိစ္စရပ်အား ဖြေရှင်းလိုသည့် စိတ်ဆန္ဒသာမက၊ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းလည်းရှိကြောင်း၊ ထို့ကြောင့် အဆိုပါ အရေးကိစ္စရပ်အား နိုင်ငံတကာ တရားစီရင်ရေးစနစ်သို့ ရောက်ရှိစေမည့် မည်သည့်ကြိုးပမ်းဆောင်ရွက်မှုမျိုးကိုမဆို အခိုင်အမာ ပယ်ချကြောင်း ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးနှင့် စပ်လျဉ်း၍ အစိုးရအနေဖြင့် အထူးသဖြင့် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများနှင့် အခြားသော အားနည်းသူများ၏ အခွင့်အရေး မြှင့်တင်ကာကွယ်ရေးအတွက် သိသာထင်ရှားသော ခြေလှမ်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာစာချုပ် (CRC) ၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာစာချုပ် (CEDAW) ၊ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာစာချုပ် (CRPD) နှင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာစာချုပ် (ICESCR) စသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ပင်မစာချုပ်ကြီး (၄) ခုကို အတည်ပြုပါဝင်ခဲ့ပြီး၊ CRC ၏ နောက်ဆက်တွဲစာချုပ်ဖြစ်သော လက်နက်ကိုင်ပဋိပက္ခများအတွင်း ကလေးသူငယ်များ ပါဝင်မှုတွင် ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ် (OPAC) ကို လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း၊ ယခုနှစ်အတွင်း OPAC ကို အတည်ပြုပါဝင်ရန်နှင့် အရပ်ဘက်နှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာစာချုပ် (ICCPR) ကို လက်မှတ်ရေးထိုးရန် ဦးတည်ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံသည် လူ့အခွင့်အရေးကောင်စီ၏ UPR ယန္တရားအား အခိုင်အမာ ထောက်ခံသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အတွက် ၂၀၂၀ ပြည့်နှစ်တွင် UPR သို့ အစီရင်ခံစာ တင်သွင်းရန် ရှိကြောင်း၊ အစိုးရအနေဖြင့် ကလေးသူငယ် အခွင့်အရေးဥပဒေအသစ် မူကြမ်း၊ အမုန်းစကားနှင့် အမျိုးသမီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေမူကြမ်းများအား ပြဋ္ဌာန်းနိုင်ရေးအတွက်လည်း ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံသို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ်တို့၏ ခရီးစဉ်များ လာရောက်ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာအစိုးရအနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခများနှင့် စပ်လျဉ်း၍ ဆိုးရွားသော ကျူးလွန်မှု (၆) မျိုးကို ကာကွယ်ရန် အမျိုးသားကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး ဖြစ်ကြောင်း၊ ယင်းအပြင် ပြီးခဲ့သည့် ဒီဇင်ဘာလက ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် လက်မှတ်ရေးထိုးခဲ့သည့် ပူးတွဲကြေညာချက် (Joint Communiqué) အား အကောင်အထည်ဖော်ရေးအတွက် အမျိုးသားကော်မတီတစ်ရပ်ကို ဖွဲ့စည်း၍ လုပ်ငန်းစီမံချက်တစ်ရပ် ရေးဆွဲသွားရန် ရှိကြောင်း၊ နှစ်နိုင်ငံ အစီအစဉ်အရလည်း အီးယူ၊ ဂျပန်နှင့် အမေရိကန်တို့နှင့် လူ့အခွင့်အရေး ဆွေးနွေးပွဲများ ကျင်းပလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားခဲ့ပါသည်။

ယင်းသို့ အပြုသဘောဆောင်သော ဖွံ့ဖြိုးတိုးတက်မှုများ ရှိနေသော်လည်း မြန်မာနိုင်ငံအနေဖြင့် မျှတမှု ကင်းမဲ့စွာဖြင့် ပစ်မှတ်ထားခံနေရပြီး လိုအပ်သည်ထက်ပို၍ ကုလသမဂ္ဂ၏ ယန္တရားများစွာ၏ အထူးစိစစ်မှုကို ခံနေရကြောင်း ထောက်ပြပြောကြားခဲ့ပါသည်။

လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIM) ဖွဲ့စည်းရေးနှင့် ပတ်သက်သည့် ကုလသမဂ္ဂ ဆုံးဖြတ်ချက်အဆိုများအား မြန်မာနိုင်ငံမှ ပယ်ချခဲ့သည့် အကြောင်းရင်းများကို ရှင်းပြရာ၌ ယင်းသည် ကောင်စီ၏ လုပ်ပိုင်ခွင့်အာဏာကို ကျော်လွန်နေပြီး ယင်း၏ လုပ်ငန်းတာဝန် သတ်မှတ်ချက်များသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လွန်ကျူးစွာ ထိပါးစွက်ဖက်သည့်သဘော ဖြစ်နေပါကြောင်း၊ ယင်းသည် လူ့အခွင့်အရေးကောင်စီကို နိုင်ငံရေးအာဂျင်ဒါအတွက် အသုံးချလိုသည့် အချို့သူများ၏ နိုင်ငံရေးမျှော်လင့်ချက်ကိုသာ ဖြည့်ဆည်းပေးစေမည် ဖြစ်ကြောင်း၊ ကုလသမဂ္ဂ၏ ပုံမှန်ဘတ်ဂျက်ပြင်ပမှ ရန်ပုံငွေများ ဖြည့်စွက်အသုံးပြုခွင့်ပေးသည့် အစီအစဉ်သည် ယင်းအဖွဲ့၏ လွတ်လပ်မှုနှင့် ဘက်မလိုက်မှုတို့ကို ပြင်းထန်စွာ သက်ရောက်စေနိုင်ပါကြောင်း၊ အမေရိကန်ဒေါ်လာ (၂၆) သန်းကျော် ဘတ်ဂျက် သုံးစွဲခွင့်ပြုထားပြီး၊ လက်ထောက်အတွင်းရေးမှူးချုပ်အဆင့် ဦးဆောင်သည့် ဝန်ထမ်း (၆၂) ဦး ခန့်အပ်ကာ ယင်းယန္တရားဖြင့် နိုင်ငံတစ်နိုင်ငံကို စောင့်ကြည့်ခြင်းသည် ကုလသမဂ္ဂ၏ ရှားပါးရင်းမြစ်များကို ဖြုန်းတီးခြင်းသာ ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုဝန်ကြီးက မြန်မာအစိုးရသည် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ ပိုမိုအဆင့်မြှင့်တင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ စိန်ခေါ်မှုများနှင့် ကန့်သတ်မှုများ ရှိနေသော်လည်း နိုင်ငံ၏ အနာဂတ်အတွက် မျက်ခြေမပြတ်စေဘဲ အားလုံးအတွက် အခြေခံလူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေး ပဏာမတာဝန်များကို အတတ်နိုင်ဆုံး ဖော်ဆောင်သွားရန် ခိုင်မာစွာ ဆုံးဖြတ်ထားပါကြောင်း၊ အစိုးရအနေဖြင့် ယင်းစိန်ခေါ်မှုများကို ဖြေရှင်းရာ၌ နိုင်ငံတကာအသိုက်အဝန်း၏ ချဉ်းကပ်မှုသည် မျှမျှတတ ဖြစ်စေလိုကြောင်းဖြင့် အလေးပေး ပြောကြားခဲ့ပြီး၊ ကောင်စီအနေဖြင့် အရေးကြီးသည့် အကဲဖြတ်သုံးသပ်ချက် သို့မဟုတ် မူဝါဒရေးရာ ဆုံးဖြတ်ချက်များ မဆောင်ရွက်မီ ပြည့်စုံ၍ ဓမ္မဓိဋ္ဌာန်ကျသည့် အချက်အလက်များအပေါ် သေချာစွာ ဆန်းစစ်လေ့လာရန် တိုက်တွန်းခဲ့ပါသည်။

ထို့ပြင် မြန်မာနိုင်ငံအား နည်းမျိုးစုံဖြင့် ထောက်ပံ့ကူညီနေသည့်အတွက် မိတ်ဆွေများနှင့် မိတ်ဖက်နိုင်ငံများအား ကျေးဇူးတင်ရှိကြောင်းနှင့် မိမိရင်ဆိုင်နေရသည့် သိမ်မွေ့ရှုပ်ထွေးသည့် အရေးကိစ္စအား ဖြေရှင်းရေးအတွက် ၎င်းတို့၏ အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများအား ကြိုဆိုကြောင်းတို့ကိုလည်း ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Announcements

Latest Updates

Activities