နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်သည့်ခရီးစဉ် (ပထမနေ့)
(၂၂-၆-၂၀၁၉ ရက်၊ ဗန်ကောက်မြို့)ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ယနေ့ ဒေသစံတော်ချိန် ၁၅၃၀ နာရီတွင် ဗန်ကောက်မြို့ရှိ Athenee Tower တွင်ကျင်းပသည် အာဆီယံခေါင်းဆောင်များနှင့် အာဆီယံပါလီမန်များညီလာခံကိုယ်စားလှယ်များ တွေ့ဆုံပွဲအခမ်းအနား၊ အာဆီယံလူငယ်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲအခမ်းအနား၊ အာဆီယံစီးပွားရေးအကြံပေးကောင်စီ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲအခမ်းအနားများသို့ တက်ရောက်ခဲ့ပါသည်။
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အာဆီယံအဖွဲ့ဝင် နိုင်ငံခေါင်းဆောင်များနှင့် အစိုးရအဖွဲ့အကြီးအကဲများ၏ (၃၄)ကြိမ်မြောက် အာဆီယံထိပ်သီး (မျက်နှာစုံညီ) အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယုဒ်ချန်အိုချာ(ငြိမ်း)က အာဆီယံအဖွဲ့ဝင် နိုင်ငံခေါင်းဆောင်များနှင့် အစိုးရအဖွဲ့အကြီးအကဲများအား ဂုဏ်ပြုတည်ခင်းသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။
ယနေ့ကျင်းပသည့်အခမ်းအနားများသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းလွင်နှင့် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ဓါတ်ပုံ - သတင်းစဉ်