Embassy of the Republic of the Union of Myanmar London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် (၃၄) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံအသိုက်အဝန်း စဉ်ဆက်မပြတ်တည်တံ့ခိုင်မြဲရေးနှင့်စပ်လျဉ်း၍ ပါဝင်ဆွေးနွေးခဲ့

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် (၃၄) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင်
အာဆီယံအသိုက်အဝန်း စဉ်ဆက်မပြတ်တည်တံ့ခိုင်မြဲရေးနှင့်စပ်လျဉ်း၍ ပါဝင်ဆွေးနွေးခဲ့
(၂၃-၆-၂၀၁၉ ရက်၊ နေပြည်တော်)ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ၌ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပခဲ့သည့် (၃၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

(၃၄)ကြိမ်မြောက် အာဆီယံမျက်နှာစုံညီထိပ်သီးအစည်းအဝေးတွင် စဉ်ဆက်မပြတ် တည်တံ့ခိုင်မြဲသည့် အာဆီယံအသိုက်အဝန်းဖြစ်ထွန်းရေးအတွက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာစေရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အာဆီယံအသိုက်အဝန်း စဉ်ဆက်မပြတ်တည်တံ့ခိုင်မြဲစေရေးအတွက် အကြံပြုချက်(၃)ရပ်အဖြစ် အာဆီယံ၏ စွမ်းအားနှင့် အားသာချက်များ စဉ်ဆက်မပြတ် ခိုင်မာအားကောင်းရေး၊ ပူးပေါင်းကြိုးပမ်းအားထုတ်မှုများ စဉ်ဆက်မပြတ် မြှင့်တင်ရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်း စဉ်ဆက်မပြတ် မြင့်မားရေးတို့ကို ဆွေးနွေးခဲ့ပါသည်။

ယင်းသို့ ဆွေးနွေးရာတွင် ပထမကဏ္ဍဖြစ်သည့် အာဆီယံ၏စွမ်းအားနှင့် အားသာချက်များ စဉ်ဆက်မပြတ် ခိုင်မာအားကောင်းရေးနှင့်ပတ်သက်၍ အာဆီယံ၏ စံတန်ဖိုးများ၊ ဖွံ့ဖြိုးမှုရလဒ်များ၊ အာဆီယံပြည်သူများ၏ စွမ်းပကားများ၊ အာဆီယံအဖွဲ့အစည်းများ၏ ခိုင်မာအားကောင်းမှုများနှင့် ပြင်ပနိုင်ငံ/ အဖွဲ့အစည်းများ မိတ်ဖက်ဆက်ဆံရေးကို ရေရှည်တည်တံ့စေရေးနှင့် ပိုမိုခိုင်မာ အားကောင်းစေရေး ဆောင်ရွက်သင့်ကြောင်း၊ တန်းတူညီမျှမှု၊ အပြန်အလှန်လေးစားမှု၊ ဝင်ရောက်မစွက်ဖက်ရေးနှင့် ASEAN Way ဟု အများကသိထားကြသည့် ဆွေးနွေးညှိနှိုင်းကာ တူညီဆန္ဒဖြင့် ပူးပေါင်းဆောင်ရွက်မှု စသည့် အာဆီယံ၏စံတန်ဖိုးများသည် ဒေသတွင်း တည်ငြိမ်အေးချမ်းသာယာ၀ပြောမှုကို ဆယ်စုနှစ်များစွာ အာမခံပေးခဲ့ကြောင်း ဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ အာဆီယံ၏ အစဉ်အဆက် စုစည်းလာခဲ့သည့် ဖွံ့ဖြိုးမှုရလဒ်များကို ဒေသတွင်း သဘာဝဂေဟစနစ်ကို မပျက်ယွင်းစေဘဲ စဉ်ဆက်မပြတ် တိုးမြှင့်ဆောင်ရွက်နိုင်ရန် အရေးကြီးသည်ဖြစ်ရာ ယခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဌအနေနှင့် အာဆီယံဒေသတစ်ခွင်၊ အဖွဲ့ဝင်နိုင်ငံအသီးသီးနှင့် ကမ္ဘာတစ်ဝှမ်းတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးအစီအစဉ်များကို ဟန်ချက်ညီညီ အပြန်အလှန် အကျိုးပြုစေမည့် ‘Complementarity Roadmap’ အကောင်အထည်ဖော်ရေးသည် အာဆီယံအသိုက်အဝန်း ထူထောင်ရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် များစွာအရေးပါကြောင်း၊ ယခုနှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်ရန် စီစဉ်လျက်ရှိသည့် အာဆီယံစဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုလေ့လာရေးနှင့် ဆွေးနွေးရေးဗဟိုဌာန (ASEAN Centre for Sustainable Development Studies and Dialogue - ACSDSD)သည် အာဆီယံဒေသတွင်းသာမက မိတ်ဖက်နိုင်ငံများနှင့် ဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရာတွင်လည်း အသုံးဝင်မည့် ယန္တရားတစ်ရပ်အဖြစ် ပေါ်ထွက်လာမည်ဟု မျှော်လင့်ကြောင်း၊ ဒေသတွင်းပြည်သူများနှင့် စုံလင်လှသည့် ဒေသတွင်းနိုင်ငံအသီးသီးရှိ သဘာဝသယံဇာတနှင့် ယဉ်ကျေးမှုတို့သည် တန်ဖိုးမဖြတ်နိုင်သည့် အရင်းအနှီးများဖြစ်ကြောင်း၊ ယခုနှစ်တွင် အာဆီယံ ယဉ်ကျေးမှုနှစ်အဖြစ် သတ်မှတ်ကျင်းပလျက်ရှိရာ၊ ကျင်းပမည့် အထိမ်းအမှတ်အစီအစဉ်များသည် ဒေသတွင်းစုံလင်လှသည့် ယဉ်ကျေးမှုအမွေအနှစ်များ၏ တန်ဖိုးကို ထိန်းသိမ်းမြှင့်တင်ပြီး၊ ဖန်တီးမှုလုပ်ငန်းရပ်များအဖြစ်လည်း ပြန်လည်အသက်ဝင်အောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း၊ အခါအခွင့်သင့်စဉ် မြန်မာနိုင်ငံအနေနှင့်လည်း ၂၀၂၀ ခုနှစ်တွင် မြန်မာ့ရုပ်ရှင်လုပ်ငန်း နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် ကျင်းပရန်ရှိရာ အာဆီယံမှ ပူးပေါင်းပါဝင် ဆင်နွှဲနိုင်ရန် ဖိတ်ခေါ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

ဒုတိယကဏ္ဍဖြစ်သည့် အာဆီယံအသိုက်အဝန်းမဏ္ဍိုင်(၃)ရပ်စလုံးတွင် အာဆီယံ၏ ပူးပေါင်းကြိုးပမ်းအားထုတ်မှုများကို စဉ်ဆက်မပြတ် မြှင့်တင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား စည်းလုံးညီညွတ်မှုနှင့် အာဆီယံပြင်ပနိုင်ငံများနှင့် ဆက်ဆံရေးတွင် အာဆီယံ၏ ပဲ့ကိုင်နိုင်မှုကို လက်တွေ့အကောင်အထည်ဖော်ကြရန် တိုက်တွန်းဆွေးနွေးခဲ့ပါသည်။

ယင်းနောက် တတိယကဏ္ဍအနေနှင့် အာဆီယံ၏ ကြံ့ကြံ့ခံနိုင်စွမ်းကို စဉ်ဆက်မပြတ် မြင့်မားရေးကို အလေးထားဆွေးနွေးပြောကြားလိုကြောင်း၊ ယနေ့ကာလတွင် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံချင်းစီနှင့် အာဆီယံအသိုက်အဝန်းတစ်ရပ်လုံးသည် ဘက်ပေါင်းစုံမှစိန်ခေါ်မှုများ ကြုံတွေ့နေရသည့်အပြင် ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေးအခြေအနေများ မတည်ငြိမ်မှုများ၊ ရာသီဥတုပြောင်းလဲမှု၊ အကြမ်းဖက် အစွန်းရောက်ဝါဒ ပြန့်ပွားမှုနှင့် လျင်မြန်စွာတိုးတက်ပြောင်းလဲလျက်ရှိသည့် နည်းပညာကို အမီလိုက်ရန် လိုအပ်မှုနှင့် ဒေသတွင်း ဖွံ့ဖြိုးမှုကွာဟချက်တို့၏ စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်နေကြရသည်ဖြစ်ရာ အာဆီယံအနေနှင့် အဖွဲ့ဝင်နိုင်ငံအသီးသီးနှင့် အသိုက်အဝန်းတစ်ရပ်လုံး၏ ကြံ့ကြံ့ခံနိုင်စွမ်းကို ပိုမိုအလေးထားဆောင်ရွက်ကြရန်လိုကြောင်း အကြံပြုဆွေးနွေးခဲ့ပါသည်။

အာဆီယံနိုင်ငံများအနေနှင့် စုစုပေါင်းကုန်သွယ်မှု၏ ၇၀ ရာခိုင်နှုန်းကို အာဆီယံပြင်ပစျေးကွက်ကို အဓိက မှီခိုနေရသည်ဖြစ်ရာ စီးပွားရေးအင်အားကြီးနိုင်ငံများအကြား ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုများ အရှိန်မြင့်လျက်ရှိခြင်းသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်လျက်ရှိကြောင်း၊ သို့ဖြစ်ရာ စီးပွားရေးအရကြံ့ခိုင်မှုရှိနိုင်ရန် အာဆီယံအနေနှင့် အာဆီယံဒေသတွင်း ကုန်သွယ်၊ ရင်းနှီးမြုပ်နှံမှုများကို မြှင့်တင်လျက် ဒေသတွင်း စီးပွားရေးပေါင်းစည်းမှုကို နှစ်ဆတိုးကြိုးပမ်းသင့်ကြောင်း၊ နိုင်ငံစုံပါဝင်သည့် ကမ္ဘာ့ကုန်သွယ်မှုစနစ်သည် ဖိအားများစွာ ကြုံတွေ့နေရသည့် ယနေ့ကာလတွင် အာဆီယံအနေနှင့် မိမိတို့၏ မိတ်ဖက်များနှင့်အတူ ညှိနှိုင်းလျက်ရှိသည့် ဒေသတွင်းဘက်စုံစီးပွားမိတ်ဖက်ဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP )ကို အပြီးသတ် ညှိနှိုင်းနိုင်ရေး ကြိုးပမ်းမှုများသည် ကမ္ဘာ့ကုန်သွယ်ရေးပြဿနာအတွက် ဒေသတွင်း အဖြေတစ်ရပ် ဖြစ်ကောင်းဖြစ်နိုင်ကြောင်း၊ RCEP ညှိနှိုင်းမှုများ အပြီးသတ်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းလျက်ရှိကြသည့် အာဆီယံစီးပွားရေးဝန်ကြီးများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။

အာဆီယံအနေနှင့် လက်ရှိကြုံတွေ့နေရသည့် နိုင်ငံတကာနှင့် ဒေသတွင်းအခြေအနေများအရ အာဆီယံဒေသတွင်း ပေါင်းစည်းမှု မြှင့်တင်ရန် အရေးကြီးသည်ဖြစ်ရာ ဒေသတွင်း ဖွံ့ဖြိုးမှုကွာဟချက် ဆက်လက်ရှိနေခြင်းသည် အသိုက်အဝန်းထူထောင်မှု အောင်မြင်ရေးအတွက် အရေးကြီးသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း၊ အာဆီယံပေါင်းစည်းရေးအစီအစဉ် (ASEAN Integration – IAI )၏ လုပ်ငန်းစဉ်ကို တိုးမြှင့်အကောင်အထည်ဖော်နိုင်ရေးအတွက် အာဆီယံအနေနှင့် ပိုမိုအားထုတ်ရန် လိုအပ်ကြောင်း၊ လက်ရှိ IAI work plan III သည် လာမည့်နှစ်တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ရာ၊ လုပ်ငန်းစဉ်အသစ်ရေးဆွဲရာတွင် ဖွံ့ဖြိုးမှုကွာဟချက်ကို ပိုမိုထိရောက်စွာလျော့ချနိုင်မည့် ဗျူဟာမြောက်ကဏ္ဍသစ်များ ဖော်ထုတ်ဆောင်ရွက်သွားသင့်ကြောင်းနှင့် လက်ရှိလုပ်ငန်းစဉ်ပါ စီမံချက်များသည့် ဖွံ့ဖြိုးပြီး အာဆီယံ(၆)နိုင်ငံနှင့် မိတ်ဖက်နိုင်ငံများ၏ အရင်းအမြစ်များအပေါ် များစွာမှီခိုနေရသည်ဖြစ်ရာ စီမံချက်များ စဉ်ဆက်မပြတ် တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ပုဂ္ဂလိကကဏ္ဍ ပါဝင်နိုင်ရေး ကြံဆသွားသင့်ကြောင်း၊ သဘာဝ၏စိန်ခေါ်မှုသည်လည်း ကြီးမားကြောင်း၊ အာဆီယံအနေနှင့် ၂၀၁၈ တစ်နှစ်တည်းတွင်ပင် သဘာဝဘေးအန္တရာယ်ကို အကြိမ် ၄၀၀ ခန့်နှင့် အကြိမ်ရေအများဆုံး ကြုံတွေ့ခဲ့ကြရသည်ဖြစ်ရာ သဘာဝဘေးကာကွယ်ရေးနှင့် ရာသီဥတု ပြောင်းလဲမှုတွင် ပိုမိုပူးပေါင်းဆောင်ရွက်ကြရန် လွန်စွာအရေးကြီးကြောင်း၊ လာမည့် စက်တင်ဘာလတွင် ကျင်းပမည့် ကုလသမဂ္ဂ၏ ရာသီဥတုဆိုင်ရာ ထိပ်သီးညီလာခံတွင် အာဆီယံအနေနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အာဆီယံပူးတွဲထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်နိုင်ရန် ကြိုးပမ်းမှုများသည် ရာသီဥတုပြောင်းလဲခြင်းနှင့်ဆက်စပ်သည့် ကိစ္စရပ်များအပေါ် အာဆီယံ၏ ဘုံရပ်တစ်ချက်တစ်ရပ်ကို ထုတ်ဖော်နိုင်မည်ဖြစ်သည့်အတွက် များစွာအကျိုးရှိမည်ဟု ယူဆကြောင်း၊ အာဆီယံအနေနှင့် လျင်မြန်စွာတိုးတက်ပြောင်းလဲလျက်ရှိသည့် နည်းပညာကို အမီလိုက်နိုင်ရန် အာဆီယံပြည်သူများ၏ ဒီဂျစ်တယ်နည်းပညာပိုင်း တတ်ကျွမ်းနားလည်မှုနှင့် နည်းပညာနှင့်ယှဉ်တွဲပါလာသည့် စိန်ခေါ်မှုနှင့် လုံခြုံရေးဆိုင်ရာ အန္တရာယ်တို့ကို ကောင်းစွာသတိပြု တွန်းလှန်နိုင်ရေး စွမ်းရည်မြှင့်တင်ပေးရန် လိုအပ်ကြောင်း၊ သို့ဖြစ်ရာ အာဆီယံအနေနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာမူဝါဒ ညှိနှိုင်းဆောင် ရွက်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် ကောင်းမွန်အရေးပါကြောင်း စသည်ဖြင့် ဆွေးနွေးပြော ကြားခဲ့သည်။

ယခုကျင်းပပြုလုပ်သည့် (၃၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသည် ထိုင်းနိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ထမ်းဆောင်စဉ်အတွင်း ပထမအကြိမ် ကျင်းပပြုလုပ်သည့် ထိပ်သီးအစည်းအဝေးဖြစ်ပြီး အစည်းအဝေးတွင် စဉ်ဆက်မပြတ်တည်တံ့ခိုင်မြဲရေးအတွက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာစေရေးဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ မျှော်မှန်းချက်၊ အင်ဒိုပစိဖိတ်ဆိုင်ရာ အာဆီယံ၏သဘောထားအမြင်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အာဆီယံအဖွဲ့အစည်း ကွန်ရက်ထူထောင်ရေးနှင့်ပတ်သက်သည့် သဘောတရားစာတမ်းနှင့် လုပ်ငန်းလမ်းညွှန် စသည်တို့အပါအဝင် စာရွက်စာတမ်း (documents) (၁၇) ခုကို ထုတ်ပြန်၊ အတည်ပြု၊ မှတ်တမ်းတင်ခဲ့သည်။

ထို့အပြင် ၂၀၃၄ခုနှစ်တွင် အာဆီယံက ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို ပူးတွဲလက်ခံကျင်းပရေးကို အဆိုပြုရေးအတွက် ညှိနှိုင်းဆောင်ရွက်ကြရန် ထိပ်သီးအစည်းအဝေး၌ သဘောတူညီခဲ့ကြကြောင်း သိရှိရပါသည်။

ဓါတ်ပုံ - သတင်းစဉ်

Announcements

Latest Updates

Activities