Embassy of the Republic of the Union of Myanmar London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

အပြည်ပြည်ဆိုင်ရာတရားရုံးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းတင်ပြချက်

အပြည်ပြည်ဆိုင်ရာတရားရုံးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းတင်ပြချက်
(သည်ဟိတ်၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်)

၁။ သဘာပတိကြီးနဲ့ တရားသူကြီးများအားလုံးကို ကျေးဇူးတင်ပါတယ်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ ကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတာဝန်ဖြင့် ကမ္ဘာ့ရုံးတော်ကြီးမှာ ယခုလို ပါဝင်တက်ရောက်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ရုပ်ဝတ္တုပိုင်းအရ ကြွယ်ဝမှုအားနည်းတဲ့ မြန်မာနိုင်ငံလို နိုင်ငံငယ်တွေအဖို့ ဒီရုံးတော်ဟာ နိုင်ငံတကာတရားမျှတမှုအတွက် ခိုနားအားထားရာနေရာ ဖြစ်ပါတယ်။ မိမိတို့အနေနဲ့ ကုလသမဂ္ဂပဋိဉာဉ်စာတမ်းပါ ပင်မဉီးတည်ချက်တစ်ခုဖြစ်တဲ့ နိုင်ငံတကာဥပဒေများနဲ့ စာချုပ်စာတမ်းများအရ လိုက်နာရန် တာဝန်ရှိတဲ့ ကတိကဝတ်တွေကို လေးစားလိုက်နာမှုရှိစေနိုင်မယ့် အခြေအနေကောင်းတွေ ချမှတ်ပေးဖို့အတွက် ဒီရုံးတော်ကို မျှော်ကိုးအားထားရပါတယ်။

သဘာပတိကြီးရှင့် -

၂။ ယခုအမှုကိစ္စဟာ လက်ရှိ နိုင်ငံတကာစာချုပ်စာတမ်းများရဲ့ အခြေခံအကျဆုံး စာချုပ်စာတမ်းတွေထဲက တစ်ခုဖြစ်တဲ့ လူမျိုးပြုန်းတီးစေမှု တားဆီးရေးဆိုင်ရာ ၁၉၄၈ ခုနှစ် ကွန်ဗင်းရှင်းနဲ့ပတ်သက်လို့ လျှောက်ထားတာဖြစ်ပါတယ်။ လူမျိုးပြုန်းတီးစေမှု တားဆီးရေးဆိုင်ရာ ၁၉၄၈ ခုနှစ် ကွန်ဗင်းရှင်းကို ရည်ညွှန်းလျှောက်ထားခြင်းဟာ အလွန့်အလွန် အရေးကြီးတဲ့တာဝန်ကြီးတစ်ရပ် ဖြစ်ပါတယ်။ လူမျိုးပြုန်းတီးစေမှုတားဆီးရေးဆိုင်ရာ ၁၉၄၈ ခုနှစ် ကွန်ဗင်းရှင်းဟာ ဥရောပတိုက်မှာရှိတဲ့ ဂျူးလူမျိုး ၆ သန်းကျော်ကို စနစ်တကျ စီစဉ်အကွက်ချ သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ပြီးနောက် ပေါ်ပေါက်လာတဲ့ ကွန်ဗင်ရှင်းတစ်ရပ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အဲ့ဒီကွန်ဗင်းရှင်းကို ၁၉၄၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်မှာ လက်မှတ်ရေးထိုးခဲ့ပြီး ၁၉၅၆ ခုနှစ်၊ မတ်လ ၁၄ ရက်မှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။ လူမျိုးပြုန်းတီးစေမှုဆိုတဲ့ ရာဇဝတ်မှုဆိုတာ ရဝမ်ဒါနိုင်ငံမှာ တွတ်စီ လူမျိုးစုအားလုံးရဲ့ ၇၀ ရာနှုန်းလောက် သတ်ဖြတ်ခံရတဲ့ကိစ္စကို တုံ့ပြန်ဖို့အတွက် ရဝမ်ဒါနိုင်ငံဆိုင်ရာ နိုင်ငံတကာရာဇဝတ်ခုံရုံးကနေ စီရင်ခဲ့တဲ့ကိစ္စမျိုးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ၁၉၉၉ ခုနှစ် ကိုဆိုဗိုအရေးကိစ္စမှာ ဒေသခံ တစ်သန်းခန့် နေရပ်စွန့်ခွာမှုဖြစ်ပေါ်ခဲ့ချိန်ကတော့ ယခင် ယူဂိုဆလားဗီးယားနိုင်ငံဆိုင်ရာ နိုင်ငံတကာရာဇဝတ်ခုံရုံးက လူမျိုးပြုန်းတီးစေမှုလို့ နာမည်တပ်ခဲ့ခြင်း မရှိတာကို တွေ့ရပါတယ်။ အလားတူဘဲ ၁၉၉၅ ခုနှစ်က ခရိုအေရှားနိုင်ငံမှ ဆာဗီယားလူမျိုးစုဝင် အားလုံးနီးပါး အလုံးအရင်းနဲ့ နေရပ်စွန့်ခွာမှုဖြစ်ပေါ်ခဲ့တဲ့ကိစ္စမှာလည်း ဘယ်ရာဇဝတ်ခုံရုံး ဘယ်တရားရုံးကမှ လူမျိုးပြုန်းတီးစေမှုလို့ သတ်မှတ်ခဲ့ခြင်း မရှိတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ ပစ်မှတ်ထားတဲ့ အုပ်စုတစ်စုလုံး ဒါမှမဟုတ် ၎င်းအုပ်စုရဲ့ တစ်စိတ်တစ်ပိုင်းကို ရုပ်ပိုင်းဆိုင်ရာအရ ဖျက်ဆီးခြေမှုန်းပစ်လိုသော ရည်ရွယ်ချက် ရှိတယ်ဆိုတဲ့ လိုအပ်ချက်မျိုးမတွေ့ရှိတဲ့အတွက် အဲဒီကိစ္စနှစ်ရပ်စလုံးမှာ နိုင်ငံတကာ တရားရုံးများအနေနဲ့ ဥပဒေကြောင်းအရ သတ်မှတ်ချက်များထဲက အပြင်းထန်ဆုံးဖြစ်တဲ့ အသုံးအနှုန်းကို အသုံးပြုဖို့ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။

၃။ စိတ်မကောင်းစရာအချက်ကတော့ ယခု ဂမ်ဘီယာနိုင်ငံက ရုံးတော်ကို လျှောက်ထား တင်ပြမှုတွေမှာ အချက်အလက် ပြည့်စုံမှုမရှိတဲ့အပြင် နားလည်မှုလွဲမှားစေနိုင်တဲ့ အနေအထားနဲ့ ပုံဖော်ထားတာကို တွေ့ရပါတယ်။ ရခိုင်ဒေသအခြေအနေနဲ့ပတ်သက်ပြီး နားလည်မှုလွဲစေတဲ့ အချက်အလက်တွေနဲ့ပုံဖော်ပြီး မပြည့်မစုံတင်ပြထားတာကို တွေ့ရှိရခြင်းဖြစ်ပါတယ်။ မည်သို့ဖြစ်စေကာမူ ရုံးတော်အနေနဲ့ ရခိုင်ပြည်နယ်ရဲ့ မြေပြင်အခြေအနေများကို စိတ်ခံစားမှု ကင်းရှင်းစွာနဲ့ တိကျမှန်ကန်စွာ အကဲဖြတ်နိုင်ရေးဟာ အလွန်အရေးကြီးပါတယ်။

၄။ ရခိုင်ဒေသအရေးကိစ္စဟာ ရှုပ်ထွေးနက်နဲပြီး အတိမ်အနက်ကိုလည်း ခန့်မှန်းနားလည်ဖို့ ခက်ခဲတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် မိမိတို့အားလုံးရဲ့ ရင်ထဲမှာ ထပ်တူထပ်မျှ ခံစားကြရတာကတော့ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ် ပဋိပက္ခအခြေအနေတွေကြောင့် ဘဝတွေ တစ်စစီ ပျက်စီးသွားရတဲ့ အပြစ်မဲ့ပြည်သူတွေရဲ့ ထိခိုက်ခံစားရမှုတွေ၊ အထူးသဖြင့် အိုးအိမ်စွန့်ခွာပြီး ကောစ်ဘဇား ဒုက္ခသည်စခန်းတွေမှာ နေထိုင်လျက်ကြရတဲ့ သူတွေရဲ့ ဒုက္ခခံစားရမှုတွေအပေါ် စာနာထောက်ထားမှုဘဲဖြစ်ပါတယ်။

သဘာပတိကြီးနဲ့ တရားသူကြီးများရှင့်-

၅။ ဘယ်လိုနောက်ကြောင်း ဇာတိရင်းမြစ်ရှိနေပါစေ ရခိုင်ပြည်နယ်နဲ့ အဲ့ဒီဒေသမှာရှိတဲ့ ပြည်သူတွေရဲ့ ကြုံတွေ့နေတဲ့ ဒုက္ခတွေဟာ ရာစုနှစ်များစွာကတည်းက အစပြုခဲ့ပြီး လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ ပိုမိုဆိုးရွားလာခဲ့ပါတယ်။ ယခုလတ်တလော အနေအထားအရလည်း အင်အား ၅၀၀၀ ကျော်ခန့်ရှိတဲ့ Arakan Army (AA) လက်နက်ကိုင်အဖွဲ့နဲ့ တပ်မတော်အကြား တိုက်ခိုက်မှုတွေကြောင့်လည်း ဒေသတွင်း လက်နက်ကိုင်ပဋိပက္ခအခြေအနေနဲ့ ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်၊ မနေ့ကပြောကြားခဲ့သူတစ်ဉီးတစ်ယောက်ကမှ ဒီကိစ္စကို ထည့်သွင်းဖော်ပြသွားတာကို မတွေ့ရပါဘူး၊ AA အနေနဲ့ တစ်ချိန်က အာရကန် နိုင်ငံတော်ရဲ့အိမ်မက်ကို ပြန်လည်အသက်သွင်းပြီး လွတ်လပ်တဲ့ ရခိုင်နိုင်ငံတော်ကို တည်ထောင်နိုင်ဖို့အတွက် သီးခြားရပ်တည်ခွင့် ဒါမှမဟုတ် ရခိုင်ဒေသလွတ်လပ်ရေး ရရှိဖို့အတွက် ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီပဋိပက္ခ အခြေအနေကြောင့် ရခိုင်ဒေသမှာ အရပ်သားတွေ သောင်းနဲ့ချီပြီး အိုးပစ်အိမ်ပစ် နေရပ်စွန့်ခွာမှုများ ကြုံတွေ့နေရပါတယ်။ လတ်တလော အခြေအနေတွေအရ ချမှတ်ဆောင်ရွက်နေတဲ့ လုံခြုံရေးကန့်သတ်မှုတွေ အထူးသဖြင့် ညမထွက်ရအမိန့်နဲ့ စစ်ဆေးရေးဂိတ်တွေ ထားရှိနေရတာကြောင့် သာမန်ပြည်သူတွေရဲ့ နေ့စဉ်ဘဝအတွက် အဆင်မပြေမှုတွေ ကြုံတွေ့နေရမှာဖြစ်ပါတယ်။

သဘာပတိကြီးရှင့်-

၆။ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့မှာ Arakan Rohingya Salvation Army (ARSA) အင်အား (၄၀၀)ခန့်က ရခိုင်ပြည်နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ် မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာရှိတဲ့ ရဲကင်းစခန်း (၃)ခုကို တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုတွေဟာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ARSAက ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုတွေကြောင့် ရဲတပ်ဖွဲ့ဝင် (၉)ဉီးသေဆုံးပြီး အရပ်သား (၁၀၀)ကျော် သေကြေပျောက်ဆုံးခဲ့ပါတယ်။ ဒါ့ပြင် သေနတ် (၆၈)လက် အပါအဝင် လက်နက်ခဲယမ်း တစ်သောင်းကျော် လုယူခံခဲ့ရပါတယ်။ အဲ့ဒီအခြေအနေဟာ ၂၀၁၇ ခုနှစ် နှောင်းပိုင်းအထိ ဖြစ်ပေါ်ခဲ့တဲ့ မြန်မာ့တပ်မတော်နဲ့ ARSA အကြားတိုက်ခိုက်မှုများရဲ့ ကနဉီးအစ ဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံက ရွေးချယ်တင်ပြချက်တွေမှာ ဒီပဋိပက္ခအခြေအနေကို ဖော်ပြထားခြင်းမရှိတာကို တွေ့ရပါတယ်။

၇။ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက် တိုက်ခိုက်မှုများနောက်ပိုင်းကနေစပြီးတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းဖြစ်တဲ့ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ ARSA ရဲ့ အင်အားဟာ တစ်စစတိုးပွားလာခဲ့ပါတယ်။ ဒေသခံတွေကို ခြိမ်းခြောက်မှု၊ သွေးဆောင်စည်းရုံးမှုများ ပြုလုပ်ခြင်း၊ အစိုးရရဲ့ သတင်းပေးလို့ သံသယရှိသူတွေကို သုတ်သင်ခြင်း စတာတွေကို ပြုလုပ်ခဲ့ပါတယ်။ International Crisis Group ရဲ့ ဖော်ပြချက်တွေ အပါအဝင် အခြားသော သတင်းများအရ ARSA အနေနဲ့ အာဖဂန်နဲ့ ပါကစ္စတန်စစ်သွေးကြွအုပ်စုများထံမှ လက်နက်နဲ့ ဖောက်ခွဲရေးသင်တန်း အကူအညီတွေ ရရှိခဲ့တယ်လို့ သိရှိရပါတယ်။

၈။ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်မှာ ARSA အင်အား ထောင်ပေါင်းများစွာဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်း ၃၀ ကျော်နဲ့ရွာများအပြင် တပ်စခန်းကို တစ်ပြိုင်တည်း တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ အရှေ့ဘက်မှာ ရိုးမတောင်တန်းနဲ့ အနောက်ဘက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်စပ်တို့အကြားမှာရှိတဲ့ မြေပြန့်ဒေသတွေမှာ တိုက်ခိုက်မှုအများစု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီလို တိုက်ခိုက်မှုရဲ့ ရည်ရွယ်ချက်က ARSA အနေနဲ့ မောင်တောဒေသကို သိမ်းပိုက်ဖို့ဘဲ ဖြစ်ပါတယ်။

၉။ ဒီနေရာမှာ မောင်တောဒေသရဲ့ နောက်ခံသမိုင်းအချက်အလက်များက ရုံးတော်အတွက် အထောက်အကူပြုနိုင်မယ်လို့ ယူဆပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဗြိတိသျှလက်အောက်မှာ ရှိစဉ်က မြန်မာနဲ့ အိန္ဒိယတို့ကို နတ်မြစ်ကြောင်းနဲ့ နယ်နိမိတ်သတ်မှတ်ခဲ့ပါတယ်။ ယခုခေတ်မှာတော့ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြားမှာ နတ်မြစ်ကို နယ်နိမိတ်အဖြစ် သတ်မှတ်ထားပါတယ်။ ရှေးယခင်က ရခိုင်ဘုရင့်နိုင်ငံတော်ရဲ့ နယ်နိမိတ်ဟာ နတ်မြစ်ကိုကျော်ပြီး မြောက်ပိုင်းအထိ ပိုမိုကျယ်ပြန့်စွာရှိခဲ့ပြီး ယခုဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စစ်တကောင်းဒေသတစ်ခုလုံးနီးပါး ပါဝင်ပါတယ်။ ဒါ့ကြောင့် အချို့ရခိုင်အသိုက်အဝန်းအမြင်မှာ အင်္ဂလိပ်တို့ ရေးဆွဲသတ်မှတ်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ နယ်နိမိတ်က တောင်ပိုင်းကို ရောက်လွန်းတယ်လို့ ပြောကြသလို တစ်ဖက်အသိုက်အဝန်းကလည်း မြောက်ပိုင်းကို ရောက်လွန်းတယ်လို့ ယူဆကြပါတယ်။ မည်သို့ပင်ဆိုစေကာမူ လွတ်လပ်ရေးရရှိတဲ့ ၁၉၄၈ ခုနှစ်က စတင်လို့ မြန်မာနိုင်ငံအနေနဲ့ ဒီ နယ်နိမိတ်ကိစ္စနဲ့ပတ်သက်ပြီး အငြင်းအခုံ ပြုလုပ်ခဲ့ခြင်းမရှိပါဘူး။

၁၀။ ဒုတိယကမ္ဘာစစ်အတွင်းမှာတုန်းကလည်း မောင်တောဒေသဟာ ဗြိတိသျှတွေရဲ့ ထိန်းချုပ်ချယ်လှယ်မှု အောက်မှာရှိနေခဲ့ပါတယ်။ ၁၉၄၂ ခုနှစ်၊ စက်တင်ဘာလက စပြီးတော့ ဂျပန်စစ်တပ်ကို ခုခံတိုက်ခိုက်ရန်နဲ့ လှုပ်ရှားမှု ထောက်လှမ်းရေး သတင်းတွေရယူဖို့အတွက် တည်ထောင်ထားတဲ့ ဗြိတိသျှအထူး V-Force တပ်ဖွဲ့ဝင်များအဖြစ် ဒေသခံ မူဆလင်တွေက ပါဝင်ခဲ့တာရှိပါတယ်။ ရခိုင်ဒေသအတွင်းမှာရှိတဲ့ မူဆလင်အတော်များများဟာ ဂျပန်တပ်ဖွဲ့တွေနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ အသက်ဆုံးရှုံးခဲ့ရပါတယ်။ အဲ့ဒီလို ပေးဆပ်ခဲ့ရမှုများကို အကြောင်းပြုပြီး မောင်တောဒေသကို ဗဟိုပြုတဲ့ သီးခြားလွတ်လပ်ခွင့်ရှိ မူဆလင်ဒေသတစ်ခု တည်ထောင်ဖို့ဆိုတဲ့ ကြိုးပမ်းချက်တွေကို စေ့ဆော်လာခဲ့ပါတယ်။ ဒီလိုဖြစ်ပေါ်လာမှုဟာ ဗြိတိသျှအနေနဲ့ စတင်အားပေးအားမြောက် လုပ်ခဲ့သည်ဖြစ်စေ မလုပ်ခဲ့သည်ဖြစ်စေ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး မရရှိမီ မြန်မာနိုင်ငံကို ပြန်လည်သိမ်းယူပြီးတဲ့အချိန်မှာ ဗြိတိန်က အဲဒီကြိုးပမ်းချက်ကို ကန့်ကွက်တားဆီးခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီဒေသမှာတော့ ၁၉၄၂ ခုနှစ်မှာ မူဆလင်-ဗုဒ္ဓဘာသာ ပဋိပက္ခဖြစ်ပေါ်ခဲ့ပြီး ၁၉၄၈ ခုနှစ်မှာ ပဋိပက္ခ တစ်ကျော့ပြန် ပေါ်ပေါက်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး လူမှုအသိုက်အဝန်းများအကြား ဖြစ်ပွားတဲ့ ပဋိပက္ခအနေအထားတွေ ရှိနေခဲ့ပါတယ်။ အဲ့ဒီလို ပဋိပက္ခသံသရာလည်နေမှုဟာ ရခိုင်မြောက်ပိုင်းဒေသကို ဆိုးကျိုးများ သက်ရောက်စေခဲ့ပါတယ်။

သဘာပတိကြီးနဲ့ တရားသူကြီးများရှင့်-

၁၁။ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက် နံနက်ပိုင်း အခြေအနေများကို ပြန်လည်တင်ပြလိုပါတယ်။ ရဲကင်းစခန်း ၃၀ ကျော်၊ ကျေးရွာတွေနဲ့ တပ်စခန်းတစ်ခုကို တိုက်ခိုက်မှုများဟာ စနစ်တကျအကွက်ချ ဆောင်ရွက်ခဲ့သလို တိုက်ခိုက်သူများဟာလည်း ထူထပ်လှတဲ့ တောတောင်တွေကြားမှာ ပုန်းခိုဖို့ အခွင့်အရေးကောင်းများ ရှိခဲ့ပါတယ်။ အဲ့ဒီလိုဘဲ ARSA တိုက်ခိုက်ရေးသမားများဟာ ၎င်းတို့ တပ်အင်အား စုဆောင်းရာမှာ နီးစပ်ရာရွာတွေမှာ လူအင်အားစုဆောင်းမှုများကို ကြိုတင်ဆောင်ရွက်နေခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီလိုတိုက်ခိုက်မှု တွေကိုတုံ့ပြန်ရာမှာ မြန်မာ့တပ်မတော်အနေနဲ့ ခြေလျင်တပ်အင်အားကိုသာ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ နေရာ (၆၀) ကျော်မှာ တိုက်ပွဲတွေဖြစ်ခဲ့ပြီး ကျေးရွာ (၁၂) ရွာဖြစ်တဲ့ - မင်းကြီး (တိုလာတိုလီ)၊ ချွတ်ပြင်၊ မောင်နု၊ ဂူတာပြင်၊ အလယ်သံကျော်၊ မြင်လွတ်၊ အင်းဒင်၊ ချိန်ခါလီ(ကိုးတန်ကောက်)၊ မြို့သူကြီး၊ ကျောက်ပဒု၊ မောင်တောမြို့ပေါ်ရပ်ကွက်အချို့နဲ့ မောင်တောတောင်ပိုင်းတို့မှာ အဓိကတိုက်ပွဲကြီးများ ဖြစ်ပွားခဲ့ပါတယ်။

သဘာပတိကြီးရှင့်-

၁၂။ မြန်မာဘာသာရဲ့ “နယ်မြေရှင်းလင်းရေး” လို့ခေါ်တဲ့ “Clearance Operations” အသုံးအနှုန်းနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားလိုပါတယ်။ ယင်းအသုံးအနှုန်းရဲ့ အဓိပ္ပါယ်ကို တလွဲဖွင့်ဆိုကြခြင်း ဖြစ်ပါတယ်။ ၁၉၅၀ ပြည့်လွန်နှစ်များအတွင်းက ပဲခူးရိုးမမှာ ဗမာပြည် ကွန်မြူနစ်ပါတီအား စစ်ဆင်ရေးပြုလုပ်ရာ၌လည်း အလားတူ အသုံးအနှုန်းမျိုးကိုဘဲ အသုံးပြုခဲ့ပါတယ်။ ထိုအချိန်မှစ၍ သောင်းကျန်းသူနှိမ်နှင်းရေးတွင် လည်းကောင်း၊ အကြမ်းဖက်သမားများ နှိမ်နှင်းရာတွင် လည်းကောင်း ဤအသုံးအနှုန်းကို စစ်ဖက်တွင် အသုံးပြုခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာဘာသာအားဖြင့် နယ်မြေရှင်းလင်းရေးဆိုတာဟာ နယ်မြေဒေသတစ်ခုအား သောင်းကျန်းသူများ သို့မဟုတ် အကြမ်းဖက်သမားများ ရှင်းလင်းရေးကို ဆိုလိုခြင်းသာဖြစ်ပါတယ်။

၁၃။ အဲ့ဒီ ၁၂ နေရာမှာဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်များနှင့် စပ်လျဉ်းပြီး ယခုထိ တိတိကျကျပုံဖော်ဖို့ ခက်နေပါသေးတယ်။ ARSA အကြမ်းဖက်သမား အများအပြားသေဆုံးခဲ့ပါတယ်။ အဲ့ဒီ ၁၂ နေရာက အချို့နေရာတွေမှာဆိုရင် ရာဂဏန်းနဲ့ချီပြီး ထိခိုက်ဒဏ်ရာရမှုတွေလည်း ရှိခဲ့ပါတယ်။ ကျေးရွာတွေမှာရှိတဲ့ နှစ်ဘက်လူ့အသိုင်းအဝန်းများအကြား ပြင်းထန်လှတဲ့ ပဋိပက္ခတွေဖြစ်ပွားခဲ့ပါတယ်။ ARSA အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လူနည်းစု အသိုက်အဝန်းဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်များ၊ ဟိန္ဒူဘာသာဝင်များ အနေနဲ့လည်း သူတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်မှုတွေ ဖြစ်ပွားခဲ့ရပြီး အများစုဟာ သူတို့ရဲ့နေရပ်များက စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။

၁၄။ စစ်ဆင်ရေးများဆင်နွဲရာမှာ ဆက်စပ်ထိခိုက်မှုများ ( collateral damage) နည်းနိုင်သမျှ နည်းစေရန်အတွက် လေတပ်အင်အားကို တတ်နိုင်သမျှ သုံးစွဲခဲ့ခြင်းမရှိတာဟာ မှတ်သားစရာကောင်းတဲ့ အချက်ဖြစ်ပါတယ်။ သို့ရာတွင် ရာနှင့်ချီတဲ့ ARSA အကြမ်းဖက်သမားများက တပ်မတော်စစ်ကြောင်းကို ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ရာတွင် တပ်မတော်သားများကို ကယ်ထုတ်ရန်အတွက် ရဟတ်ယာဉ်တစ်စီး အသုံးပြုခဲ့ရတဲ့ ဖြစ်စဉ်တခုရှိပါတယ်။ ယင်းရဟတ်ယာဉ်ပေါ်မှ ပစ်ခတ်မှုများရှိခဲ့ရာ အကြမ်းဖက်တိုက်ခိုက်မှုမှာ မပါဝင်သူအချို့လဲ ထိခိုက်ဒဏ်ရာ ရရှိမှုများ ဖြစ်နိုင်ဖွယ်ရှိပါတယ်။

သဘာပတိကြီးရှင့်-

၁၅။ အချို့သောဖြစ်စဉ်တွေမှာဆိုရင်တော့ တပ်မတော်သားများအနေနဲ့ ARSA အကြမ်းဖက်တိုက်ခိုက်သူများနဲ့ အရပ်သားများကို သေချာစွာခွဲခြားနိုင်မှု ဒါမှမဟုတ် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာဥပဒေများကို သတိမမူမိဘဲ အင်အားမမျှမတ သုံးစွဲခဲ့မှုတွေ မရှိခဲ့ဘူးလို့ တပ်အပ်မပြောနိုင်ပါဘူး။ တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် လူများစွန့်ခွာခဲ့တဲ့ ကျေးရွာတွေမှာလည်း ကျန်ရှိနေတဲ့ ပစ္စည်းပိုင်ဆိုင်မှုများကို ဖျက်စီးခြင်း၊ လုယက်ခြင်းများကို ကျူးလွန်တဲ့ အရပ်သားများကို ဟန့်တားတဲ့အပိုင်းမှာလည်း အားနည်းချက်များ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုကိစ္စမျိုးကို မြန်မာအစိုးရ တာဝန်ရှိသူများ ဆုံးဖြတ်ရန် မဟုတ်ဘဲ ရာဇဝတ်မှုဆိုင်ရာ တရားစီရင်မှုလုပ်ငန်းစဉ်တွေမှာ ဒီကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းသွားမှာဖြစ်ပါတယ်။

၁၆။ ပုန်ကန်တိုက်ခိုက်မှု အခြေအနေတွေကို ကိုင်တွယ်ခဲ့ရသူတွေရဲ့ ရည်ရွယ်ချက်များကို ပြန်လည်သုံးသပ်ကြတဲ့အခါမှာ မိမိတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ တရားဥပဒေစိုးမိုးမှုကို စိန်ခေါ်လာတဲ့ အနေအထားနဲ့ ရှုပ်ထွေးလှတဲ့ အခြားသောအခြေအနေအရပ်ရပ်ကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေမှာ လူမျိုးပြုန်းတီးစေရန် ရည်ရွယ်ချက် ရှိတယ်ဆိုတဲ့ ယူဆချက်တစ်ခုတည်းကိုသာ ကောက်ချက်ချမှတ်သွားလို့ မဖြစ်နိုင်ပါဘူး။

၁၇။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်အတွက် တပ်မတော်ပိုင်းဆိုင်ရာ တရားစီရင်မှု စနစ်တစ်ရပ်ရှိပါတယ်။ ရခိုင်ပြည်နယ်အတွင်း စစ်ရာဇဝတ်မှုမြောက်နိုင်တဲ့ ရာဇဝတ်မှုမျိုးကျူးလွန်ခဲ့တဲ့ တပ်မတော်သားများ၊ တပ်မတော်အရာရှိများကို စုံစမ်းစစ်ဆေး၊ တရားစီရင်ရာမှာ အဆိုပါတရားစီရင်မှုစနစ်ဖြင့်သာ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်မှာ စစ်ဥပဒေချုပ်ရုံးက အစောပိုင်းကဖော်ပြခဲ့တဲ့ အဓိကဖြစ်စဉ်များ ဖြစ်ပွားခဲ့တဲ့ ၁၂ နေရာအနက်မှ တစ်နေရာဖြစ်တဲ့ ဂူတာပြင်ကျေးရွာဖြစ်စဉ်နဲ့ ဆက်နွယ်ပြီး စွပ်စွဲချက်များကို စုံစမ်းဖော်ထုတ်ရန်အတွက် စစ်ခုံရုံးတစ်ရပ် ဖွဲ့စည်းခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် ဖိလစ်ပိုင် ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ဂျပန်နိုင်ငံသား ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ်ဟောင်းအပါအဝင် အဖွဲ့ဝင်သုံးဦးပါဝင်တဲ့ လွတ်လပ်၍ အထူးစုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်သမ္မတရဲ့ ညွှန်ကြားချက်နဲ့ ဖွဲ့စည်းထားတဲ့ ICOE လို့ အသိများတဲ့ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုကော်မရှင်က တင်သွင်းလာမယ့် အထောက်အထား သက်သေများရှိခဲ့ပါကလည်း စစ်ခုံရုံးများကို တိုးချဲ့ဖွဲ့စည်းသွားရန် ရှိပါတယ်။

၁၈။ ရခိုင်ပြည်နယ်ဖြစ်စဉ်များအတွင်းက ထိခိုက်ခံစားခဲ့ရသူသက်သေ (၁၅၀၀)ဦးထံမှ လည်းကောင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိမြို့နယ်များ၌ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်မှ စက်တင်ဘာလ ၅ ရက်အတွင်း လှုပ်ရှားဆောင်ရွက်ခဲ့တဲ့ စစ်ဆင်ရေးများမှာ တာဝန်ထမ်း ဆောင်ခဲ့သော တပ်မတော်သား (၂၉) ဦးထံမှလည်းကောင်း၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်တွင် အတိုက်ခိုက်ခံခဲ့ရတဲ့ ရဲစခန်းများမှာ တာဝန်ကျခဲ့သောရဲတပ်ဖွဲ့ဝင် (၂၀) ဦးထံမှ လည်းကောင်း ထွက်ဆိုချက်များကို လက်ခံရရှိထားပြီးဖြစ်ကြောင်း ကော်မရှင်က ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်မှာ သတင်းထုတ်ပြန် ကြေညာထားပါတယ်။ လက်ရှိအနေအထားများအရ ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်များနဲ့ ပတ်သက်လို့ မျက်မြင်ကိုယ်တွေ့ ပကတိမြေပြင်သတင်းအချက်အလက်များကို ရရှိထားတဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်နဲ့ တပ်မတော်စစ်ဥပဒေချုပ်ရုံး တို့ကဲ့သို့သော အခြားမည်သည့် အချက်အလက်ရှာဖွေရေးအဖွဲ့အစည်းမှ မရှိသေးကြောင်း တွေ့ရပါတယ်။

၁၉။ အဲ့ဒီအချက်တွေကြောင့် မိမိအနေနဲ့ လက်ရှိဆောင်ရွက်လျက်ရှိတဲ့ ရာဇဝတ်မှုဆိုင်ရာ တရားစီရင်ရေးလုပ်ငန်းစဉ်များအပေါ် အနှောင့်အယှက်ဖြစ်စေမယ့် လုပ်ရပ်မျိုး၊ ထုတ်ပြန်ချက် မျိုးဆောင်ရွက် ထုတ်ပြန်ခြင်းကို မပြုသင့်သေးကြောင်းနဲ့ ၎င်းတို့အနေနဲ့ လက်ရှိဆောင်ရွက် နေသည်များကို ဆက်လက်ဆောင်ရွက်သွားခွင့် ပေးထားသင့်ကြောင်း မိမိရဲ့ယူဆချက်ကို ပိုမိုခိုင်မာ စေခဲ့ပါတယ်။ ကာကွယ်ရေးဆိုင်ရာ အဖွဲ့အစည်းများအနေနဲ့ တာဝန်ခံမှုအပိုင်းနဲ့ လုပ်ဖော်ကိုင်ဖက်များရဲ့ အကျိုးစီးပွားအပေါ်သက်ရောက်မှု၊ စုံစမ်းစစ်ဆေးမှုကို လက်တွေ့ အကောင်အထည်ဖော်ဖို့ လိုလားစွာ ပါဝင်လာစေဖို့ ဆိုတာတွေဟာ တကယ့်လက်တွေ့မှာ ဆောင်ရွက်ဖို့ ထင်သလောက် မလွယ်ကူတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အခြားနိုင်ငံများရဲ့ဖြစ်စဉ် အခြေအနေများကိုလည်း တစ်ချက်လောက် ထည့်သွင်းစဉ်းစားပေးနိုင်ရန်အတွက်လည်း တရားသူကြီးများကို အလေးအနက်ထား ပြောကြားလိုပါတယ်။ ဒီလိုကိစ္စရပ်ဟာ မိမိတို့သာမက ရုပ်ဝတ္တုပိုင်းအရ ပြည့်စုံကြွယ်ဝတဲ့နိုင်ငံများမှာပါ ကြုံတွေ့ရတဲ့ ဘုံစိန်ခေါ်မှုတစ်ရပ်လည်း ဖြစ်ပါတယ်။

၂၀။ စစ်ဘက်ဆိုင်ရာ တရားစီရင်ချက်များချမှတ်ပြီးသော်လည်း ယင်းစီရင်မှုများကို ပြန်လည် ပြောင်းလဲခဲ့တဲ့ ဖြစ်ရပ်များရှိကြောင်းကိုလည်း လတ်တလောသတင်းတွေမှာ တွေ့ရှိရမှာ ဖြစ်ပါတယ်။ အလားတူ အခြေအနေမျိုး မြန်မာနိုင်ငံမှာလည်းဖြစ်ခဲ့ပါတယ်။ တရားမျှတမှုအတွက် မြန်မာအစိုးရရဲ့ ဘက်စုံကြိုးပမ်းဆောင်ရွက်ချက် တစ်ခုအနေနဲ့ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ဖြစ်စဉ်များ ဖြစ်ပွားခဲ့ရာ (၁၂) နေရာအနက် တစ်ခုဖြစ်တဲ့ အင်းဒင်ကျေးရွာမှာ မူဆလင်အမျိုးသား (၁၀)ဦးကို သတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်ပြီး တပ်မတော်စစ်ခုံရုံးက စုံစမ်းဖော်ထုတ်ချက်အရ အရာရှိ (၄) ဦးနဲ့ တပ်သား (၃) ဦးတို့ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀နှစ် စီရင်ချက် ချမှတ်ခဲ့ပါတယ်။ ၎င်းတို့အနေနဲ့ ပြစ်ဒဏ်ကျခံ နေစဉ်အတွင်း တပ်မတော်က လွတ်ငြိမ်းချမ်းသာ ခွင့်ပြုခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာလည်း အတော်များများက စိတ်မသက်မသာ ဖြစ်ခဲ့ရပါတယ်။

၂၁။ အခြားသောကိစ္စရပ်များမှာ အငြင်းပွားစရာမရှိအောင် ကိုင်တွယ်ဆောင်ရွက်ခဲ့မှုများ လည်းရှိပါတယ်။ ဥပမာ - ကချင်ပြည်နယ် မန်စီဖြစ်စဉ်မှာ ဆိုရင်တော့ အရပ်သား (၃) ဦး သေဆုံးခဲ့တဲ့နေရာနဲ့ အနီးဆုံးနေရာမှာပဲ စစ်ခုံရုံးတင် စစ်ဆေးပြီး ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှာ ပြစ်မှုကျူးလွန်ခဲ့တဲ့ တပ်သား (၆) ဦးကို ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခဲ့ပါတယ်။ သေဆုံးခဲ့သူရဲ့ ဆွေမျိုးသားချင်းများနဲ့ အရပ်ဖက်အဖွဲ့အစည်းများက ကိုယ်စားလှယ်များကိုလည်း တရားခွင်သို့ တက်ရောက်ကြားနာခွင့်ပြုခဲ့ပါတယ်။

၂၂။ မြန်မာနိုင်ငံရဲ့ အတိုင်းအတာနဲ့ဆိုရင် တပ်မတော် စစ်ဥပဒေချုပ်ရုံးဟာ ၎င်းတို့ရဲ့ တာဝန် ဝတ္တရားများကို နိုင်နိုင်နင်းနင်းဆောင်ရွက်နိုင်တဲ့ အနေအထားရှိပါတယ်။ စစ်ဥပဒေချုပ်ရုံးများကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ တိုင်းစစ်ဌာနချုပ်တိုင်းမှာ ဖွင့်လှစ်ထားပြီး တာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်းဉီးရေ (၉၀)ကျော်ခန့်ရှိပါတယ်။ မိမိအနေနဲ့ ဂူတာပြင် စစ်ခုံရုံးထူထောင်မှုကို အားရကျေနပ်မိပြီး အဲ့ဒီခုံရုံးအနေနဲ့လည်း ဖြစ်စဉ်ကိုတွေ့မြင်တွေ့ခဲ့တဲ့ သက်သေများရဲ့ ထွက်ဆိုမှုများ၊ ရခိုင်ပြည်နယ်အတွင်းမှာ စုဆောင်းရရှိတဲ့ ခိုင်မာတဲ့ သက်သေအထောက်အထားတွေကို အခြေခံပြီး ဆက်လက်စုံစမ်းစစ်ဆေး၊ တရားစီရင်သွားမယ်လို့လည်း မျှော်လင့်ပါတယ်။

၂၃။ ယခုလို ပြစ်မှုကျူးလွန်မှုများကို တက်ကြွစွာစုံစမ်းဖော်ထုတ်ပြီး ပြစ်မှုကျူးလွန်သူများကို တရားစီရင်နေတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ လူမျိုးပြုန်းတီးစေရန် ရည်ရွယ်ချက်နဲ့ ဆောင်ရွက်မှုတွေရှိတယ်ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ဒီနေရာမှာ အများအနေနဲ့ တပ်မတော်သားများအပေါ် အာရုံစိုက်နေကြသော်လည်း မိမိတို့အနေနဲ့ကတော့ ပြစ်မှုကျူးလွန်တဲ့ အရပ်သားများကိုလည်း သင့်လျော်တဲ့အရေးယူမှုများ ဆောင်ရွက်သွားမှာဖြစ်ကြောင်း အတိအလင်း ပြောကြားလိုပါတယ်။ ရခိုင်ပြည်နယ်အတွင်း သာမက မြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုများကို လုံးဝသည်းခံခွင့်လွှတ်သွားမှာ မဟုတ်ပါဘူး။

သဘာပတိကြီးရှင့်-

၂၄။ ရခိုင်ပြည်နယ်မှာ စစ်ရာဇဝတ်မှုများကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်များနဲ့ပတ်သက်လို့ အချို့က အလေးအနက် စဉ်းစားသုံးသပ်မှုမပြုဘဲ နိုင်ငံပြင်ပမှာ တာဝန်ခံမှုအတွက် တိုက်ရိုက်ဆောင်ရွက်လိုတဲ့သူတွေ ရှိနေကြပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ လုပ်ပိုင်ခွင့်အချို့ကို အခြေခံထားတဲ့ ဂမ်ဘီယာနိုင်ငံရဲ့ တင်သွင်းချက်များမှာ မြန်မာနိုင်ငံမှ တပ်မတော်ဆိုင်ရာ တရားစီရင်ရေးစနစ်ဟာ တာဝန်ခံမှုအတွက် ဆောင်ရွက်နိုင်မှာ မဟုတ်ဘူးလို့တောင်မှ ဖော်ပြပါရှိပါတယ်။ ဒါဟာမြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၂၀(ခ) နဲ့ ဆန့်ကျင်နေရုံသာမက တပ်မတော်နဲ့ အရပ်သားအစိုးရအကြား ပူးပေါင်းဆောင်ရွက်မှု အထူးသဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ပြီးမြောက်အောင်မြင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစတဲ့ ပြည်တွင်းကြိုးပမ်းအားထုတ်နေမှုများကို ချေဖျက်ရာရောက်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးလျက်ရှိပါတယ်။

၂၅။ ဒါဟာဆိုရင် ပြည်တွင်းတရားစီရင်မှုကို အထောက်အကူဖြစ်စေရမည်ဆိုတဲ့ မူအပေါ် အခြေခံတဲ့ နိုင်ငံတကာတရားစီရင်ရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုစနစ်နဲ့ လိုက်လျောညီထွေ မဖြစ်တာကို တွေ့ရပါတယ်။ တာဝန်ခံမှုအပိုင်းကို ပြည်တွင်းပြစ်မှုဆိုင်ရာ တရားစီရင်ရေးကပဲ ဆောင်ရွက်ရမယ်ဆိုတာ သတ်မှတ်ထားတဲ့ “စံ” ပဲဖြစ်ပါတယ်။ ပြည်တွင်းဆောင်ရွက်မှု မအောင်မြင်ဘူး ဆိုမှသာ နိုင်ငံတကာ တရားစီရင်ရေးက ဆောင်ရွက်နိုင်မည့် အနေအထား ဖြစ်လာနိုင်ပါတယ်။ ပြည်တွင်းပြစ်မှုဆိုင်ရာ တရားစီရင်ရေးဟာ နိုင်ငံတကာပြစ်မှုဆိုင်ရာ တရားစီရင်ရေးထက် ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်ရမယ်ဆိုတဲ့ တောင်းဆိုချက်ဟာ ဒီအခြေခံမူနဲ့ ကိုက်ညီမူမရှိပါဘူး။ တာဝန်ခံမှုကို ပြည်ပမှာ အလျင်စလို ပြုမူဆောင်ရွက်လိုမှုဟာ ပြည်တွင်းပြစ်မှုဆိုင်ရာ တရားစီရင်ရေးအဖွဲ့အစည်းများမှ ကျွမ်းကျင်တာဝန်ထမ်းဆောင်သူတွေအပေါ် လစ်လျူရှုရာရောက်မှာ ဖြစ်ပါတယ်။ တာဝန်ခံမှုကိစ္စအတွက် ပြည်တွင်းနှင့်ပြည်ပတို့မှ တရားစီရင်ရေးစနစ်များ ယှဉ်ပြိုင ်ဆောင်ရွက်နေမှုများ ပေါ်ထွက်လာနေခြင်းဟာ စိတ်ရှည်သည်းခံမှုမရှိတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ရည်ရွယ်ချက်တွေအပေါ် မြန်မာပြည်သူလူထုရဲ့ ယုံကြည်မှုရှိစေရေးအတွက် မည်သို့ အကျိုးပြုစေနိုင်မည်ဆိုတာ မေးခွန်းထုတ်လိုပါတယ်။

၂၆။ ပြည်တွင်းမှာထိရောက်တဲ့ တာဝန်ခံမှုရှိစေရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ အင်အားကြီးနိုင်ငံအချို့ကသာလျှင် ပြည်တွင်းစုံစမ်းစစ်ဆေးမှုနဲ့ တရားစွဲဆိုမှုတွေကို ထိရောက်စွာဆောင်ရွက်နိုင်မယ်ဆိုတဲ့ ထင်မြင်ချက်၊ နိုင်ငံတကာပြစ်မှုဆိုင်ရာ တရားစီရင်ရေးကို အတိတ်ကအမွေဆိုး ဝန်ထုတ်ဝန်ပိုးတွေအပြင် လက်ရှိစိန်ခေါ်မှုတွေကိုပါ ကြုံတွေ့နေရတဲ့နိုင်ငံများအနေနဲ့ လက်လှမ်းမှီခြင်း မရှိဘူးဆိုတဲ့ ထင်မြင်ချက်တွေဟာ နိုင်ငံတကာတရားစီရင်ရေးဖြစ်စဉ်ကို အထောက်အကူပြုမှာ မဟုတ်ပါဘူး။ ဂမ်ဘီယာနိုင်ငံအနေနဲ့လည်း အလားတူစိန်ခေါ်မှုတွေ့နဲ့ရင်ဆိုင်နေရလို့ နားလည်နိုင်မယ်လို့ ထင်ပါတယ်။

သဘာပတိကြီးနဲ့ တရားသူကြီးများရှင့်-

၂၇။ အမှုတင်သွင်းသူအနေနဲ့ လူမျိုးပြုန်းတီးစေမှုဆိုင်ရာကွန်ဗင်းရှင်းအပေါ် အခြေခံတဲ့ တရားစွဲဆိုလာမှုဖြစ်တဲ့အတွက် အခုသုံးသပ်တင်ပြချက်များဟာ လက်ရှိကြားနာချက်နဲ့ ကိုက်ညီမှုရှိပါတယ်။ ဒါပေမယ့် မိမိတို့အနေနဲ့ ARSA အဖွဲ့ကအကွက်ချ ကြိုတင်စီမံထားတဲ့ တိုက်ခိုက်မှုတွေနဲ့ စတင်တိုက်ခိုက်ခဲ့ပြီး တပ်မတော်က ပြန်လည်တုန့်ပြန်ခဲ့ရတဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကို ဖြေရှင်းနေရပါတယ်။ လက်နက်ကိုင်ပဋိပက္ခကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြို့နယ် (၃)မြို့နယ်မှ မူဆလင်ထောင်ပေါင်းများစွာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ နေရပ်စွန့်ခွာသွားခဲ့ကြပါတယ်။ ဒါဟာနိုင်ငံတကာတရားရုံးအနေနဲ့ ကိုင်တွယ်ဖြေရှင်းခဲ့ဖူးတဲ့ ခရိုအေးရှားမှာ လက်နက်ကိုင်ပဋိပက္ခကြောင့် ခရိုအက်မျိုးနွယ်စုများအပြင် နောက်ပိုင်းမှာ ဆာ့ဘ်စ်မျိုးနွယ်စုများ အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာသွားခဲ့ခြင်းနဲ့အလားတူဘဲဖြစ်ပါတယ်။

၂၈။ မြန်မာ့တပ်မတော်သားများအနေနဲ့ စစ်ရာဇဝတ်မှုများကျူးလွန်ခဲ့ပါက ၎င်းတို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ စစ်ဘက်ဆိုင်ရာ တရားစီရင်ရေးစနစ်အောက်မှာ ပြစ်ဒဏ်စီရင်ခြင်းကို ခံယူကြရမှာ ဖြစ်ပါတယ်။ အရပ်သားများနဲ့ အာဆာတိုက်ခိုက်ရေးအဖွဲ့ဝင်များအကြား ခွဲခြားသိရှိနိုင်ဖို့ လုံလောက်တဲ့ အခြေအနေရှိ-မရှိ၊ အင်အား မမျှမတသုံးစွဲမှု၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ အိုးအိမ်စည်းစိမ်များ ပျက်စီးခြင်းကို မကာကွယ်နိုင်ခဲ့မှု၊ အရပ်သားများ အတင်းအကြပ် နေရပ်စွန့်ခွာစေမှုစတဲ့ အခြေအနေတွေကို ပြစ်မှုဆိုင်ရာ တရားစီရင်ရေး အာဏာပိုင်များအနေနဲ့ အကဲဖြတ်သုံးသပ်နိုင်ပါတယ်။ ဒီဖြစ်ရပ်တွေကို သက်သေပြနိုင်မယ်ဆိုရင်တောင်မှ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေ သို့မဟုတ် လူ့အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်းတွေနဲ့သာ ဆီလျော်မှုရှိပြီး ၁၉၄၈ ခုနှစ် လူမျိုးပြုန်းတီးစေမှုဆိုင်ရာ ကွန်ဗင်းရှင်းအောက်မှာ ဆွေးနွေးဖို့အတွက် ဆီလျော်မှုမရှိကြောင်းကို ပါမောက္ခဝီလျံရှာဘတ်စ်ရဲ့ ဆွေးနွေးချက်မှာ အသေးစိတ် တင်ပြပါလိမ့်မယ်။

သဘာပတိကြီးရှင့်-

၂၉။ ဤကြီးမြတ်သော တရားရုံးတော်ကြီးမှာ နောက်ထပ် တင်ပြလိုတာကတော့ နိုင်ငံတကာ ဥပဒေဟာ တစ်ကမ္ဘာလုံး တန်ဖိုးထားရတဲ့ တစ်ခုတည်းသောစနစ် ဖြစ်ပါတယ်။ နိုင်ငံတကာ တရားစီရင်ရေးဟာ မိမိတို့ရဲ့ ဘုံတန်ဖိုးထားမှုတွေကို အတည်ပြုထားတဲ့ ကျင့်ထုံးတစ်ခုဖြစ်ပါတယ်။ နိုင်ငံ့ခေါင်းဆောင်များ၊ သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများဟာ ဒီအခြေခံကျတဲ့ တန်ဖိုးထားမှုတွေကို စွဲမြဲစွာလက်ကိုင်ထားရန် တာဝန်ရှိကြပါတယ်။ ရခိုင်ပြည်နယ်အရေးကိစ္စမှာ အသိုင်းအဝိုင်းနှစ်ခု ကွဲပြားမှုအလွန်အကျွံ ဆိုးရွားသွားစေမဲ့ မီးလောင်ရာလေပင့်မှုများဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်မှုတို့ကို ထိခိုက်စေပါတယ်။ ပဋိပက္ခဒဏ်ရာများကို ပိုမိုဆိုးရွားအောင် ဆောင်ရွက်ခြင်းဟာ ရခိုင်ပြည်နယ်ရဲ့ စည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်ပါတယ်။ အမုန်းတရားအခြေခံတဲ့ ပြောဆိုချက်များသာလျင် အမုန်းစကားအဆင့်သာမဟုတ်တော့ဘဲ အသိုက်အဝန်းများအကြား အလွန်အကျွံ ကွဲပြားမှုများ ဖြစ်ပေါ်စေနိုင်တဲ့ အသုံးအနှုန်းပြောဆိုချက်တွေဟာလည်း အမုန်းစကားတွေလို သဘောမျိုးပင် သက်ရောက်စေပါတယ်။

၃၀။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတွင်းရှိ မတူညီကွဲပြားသူများအကြား အားလုံးနဲ့သက်ဆိုင်တဲ့ သမိုင်းအမွေအနှစ်များ၊ ပိုမိုနက်ရှိုင်းတဲ့ စည်းလုံးညီညွတ်မှုများ ရရှိဖို့အတွက် ၁၉၈၀ ပြည့်နှစ်များ ကတည်းက ဆောင်ရွက်နိုင်ခဲ့သင့်ပါတယ်။ ဒါမျိုးတွေနဲ့ပတ်သက်လို့ နိုင်ငံအများအပြားမှာလည်း စိန်ခေါ်မှုတွေရှိပါတယ်။ ရခိုင်ပြည်နယ်မှာ ၁၉၄၀ ပြည့်နှစ်များ ကတည်းက တစ်ဖန်တစ်လဲလဲ ဖြစ်ပေါ်လာခဲ့တဲ့ အသိုက်အဝန်းအကြား အကြမ်းဖက်မှုများကို ဖြေရှင်းနိုင်ရေးအတွက် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ ဖော်ဆောင်ပေးနိုင်မဲ့ လက်တွေ့ကျတဲ့ ဆောင်ရွက်ချက်များနဲ့သာမက စည်းလုံးညီညွတ်မှု စိတ်ဓါတ်ကိုပါ မွေးမြူပျိုးထောင်ပေးကြရမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနှင့် သဟဇာတ ဖြစ်ရေးအတွက် ပြည်သူများရဲ့ မျှော်မှန်းချက်များကို ကာကွယ်စောင့်ရှောက်ပေးရန်မှာ နိုင်ငံ့ခေါင်းဆောင်များရဲ့ ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်တစ်ရပ်ဖြစ်ပါတယ်။

၃၁။ ဒီအချက်ကို တတိယမြောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်က ကောင်းစွာ နားလည်သဘောပေါက်ခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်မှာ ဉီးသန့်ရေးသားခဲ့တဲ့ “View from the UN” မှတ်တမ်းစာအုပ်မှာ “၂၁ ရာစုမှာ အမှန်တစ်ကယ် ပညာတတ်ပြီး အမြော်အမြင်ရှိသူဟာ သူ့ကိုယ်သူ ကမ္ဘာ့ပြည်သူတစ်ဦးအဖြစ် ခံစားနားလည်သူပါဘဲ” (စာမျက်နှာ-၄၅၄) လို့ရေးသားခဲ့ပါတယ်။ ကမ္ဘာ့ပြည်သူတစ်ဦးအဖြစ် ခံယူထားမှုဟာ နိုင်ငံအချင်းချင်းအကြားနဲ့ လူမျိုးကွဲ ဘာသာကွဲ အုပ်စုများအကြား ငြိမ်းချမ်းတဲ့ ဆက်ဆံရေးအတွက် အလွန်အရေးကြီးပါတယ်။

၃၂။ စိတ်ဓါတ် အတွေးအခေါ်အမြင်ကျယ်စေရေးနဲ့ လူနေမှုဘဝအခြေအနေတိုးတက်ရေးအတွက် လက်တွေ့ဆောင်ရွက်ချက်တို့ဟာ ဟန်ချက်ညီနေရမှာဖြစ်ပါတယ်။ ၂၀၁၆-၂၀၁၇ ခုနှစ် ဖြစ်စဉ်များ မတိုင်မီကတည်းက ရခိုင်ပြည်နယ်ရှိ မူဆလင်၊ ဗုဒ္ဓဘာသာနဲ့ အခြားအသိုက်အဝန်းများဟာ ကိုဖီအာနန် အကြံပေးကော်မရှင်က သုံးသပ်တဲ့အတိုင်း အမြစ်တွယ်နေတဲ့ လူမှုရေးဆိုင်ရာ ပဋိပက္ခများကြောင့် ဖွံ့ဖြိုးမှု နိမ့်ကျခြင်းနဲ့ ဆင်းရဲနွမ်းပါးမှုတို့ ဖြစ်ပေါ်နေခဲ့ရခြင်း ဖြစ်ပါတယ်။ မြန်မာအစိုးရအနေနဲ့ ဒီစိန်ခေါ်မှုတွေကို ဖြေရှင်းဆောင်ရွက်ဖို့ ကတိကဝတ် ပြုထားပါတယ်။ အခုဆိုရင် မိတ်ဖက်များနဲ့အတူ ရခိုင်ပြည်နယ်မှာရှိတဲ့ လူ့အသိုက်အဝန်းများအားလုံး တူညီတဲ့ အခြေခံအခွင့်အရေးတွေကို ခံစားစေနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံသားစိစစ်လျှောက်ထားရေး မြန်ဆန်စေရန်အတွက် ရွှေ့လျားလုပ်ငန်းအဖွဲ့များက သွားရောက်ဆောင်ရွက် ပေးနေပါတယ်။ ရခိုင်ပြည်နယ်မှာ မွေးဖွားတဲ့ ကလေးများအားလုံး၊ မည်သည့်ဘာသာဝင်မဆို မွေးစာရင်းများထုတ်ပေးနေပါတယ်။ မူဆလင် လူငယ်များ မြန်မာနိုင်ငံတစ်ဝှမ်းရှိ တက္ကသိုလ်တွေမှာ ပိုမိုတက်ရောက် ပညာသင်ကြားနိုင်ရေးအတွက်လည်း စီစဉ်ပေးထားပြီး ဖြစ်ပါတယ်။ ပြည်တွင်း/ပြည်ပမှ မိတ်ဖက်များရဲ့ ကူညီထောက်ပံ့မှုများကြောင့် ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းအားလုံးမှ ကျောင်းသားများအတွက် ပညာသင်ဆုများလည်း ပေးအပ်ဖို့ရှိပါတယ်။ အစိုးရအနေနဲ့ လူမှုအသိုက်အဝန်းများ အားလုံးအကြား သဟဇာတ ဖြစ်စေရေးအတွက် “လူမှုအသိုက်အဝန်း သဟဇာတဖြစ်မှုဆိုင်ရာစံပြစီမံချက်” တစ်ခုကို မောင်တောမြို့မှာ စတင်ဆောင်ရွက်နေပါတယ်။ ဘာသာပေါင်းစုံဆွေးနွေးပွဲတွေလည်း အားပေးလျက်ရှိပါတယ်။ ဒါတွေဟာဆိုရင် ရခိုင်ပြည်နယ်မှာရှိတဲ့ အသိုက်အဝန်းအားလုံးရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံသားဖြစ်မှုနဲ့ လူမှုအသိုက်အဝန်း သဟဇာတဖြစ်မှုတို့အတွက် ဆောင်ရွက်ပေးချက်အချို့ ဖြစ်ပါတယ်။ ပြည်တွင်းရှိ နေရပ်စွန့်ခွာသူများ၏ စခန်း (၃)ခုကိုလည်း ပိတ်သိမ်းနိုင်ခဲ့ပြီး ပြည်တွင်း နေရပ်စွန့်ခွာသူစခန်းများ ပိတ်သိမ်းရေး မဟာဗျူဟာတစ်ရပ်ကိုလည်း ချမှတ်ထားပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ မိမိသဘောဆန္ဒအလျောက် လုံခြုံ၊ ဂုဏ်သိက္ခာရှိစွာဖြင့် ပြန်လည်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတို့အကြား သဘောတူညီချက် မူဘောင်အတွင်းမှ ဆောင်ရွက်သွားရန် ကတိကဝတ် ပြုထားပါတယ်။

သဘာပတိကြီးရှင့်-

၃၃။ ရခိုင်ပြည်နယ်မှာ ဒီလိုသိသာထင်ရှားတဲ့ လက်တွေ့လုပ်ငန်းစဉ်တွေ ဆောင်ရွက်ပေး နေချိန်မျိုးမှာ လူမျိုးပြုန်းတီးစေမှုလုပ်ရပ်တွေ ဆက်လက်ဖြစ်ပေါ်နေနိုင်ပါ့မလားလို့ မေးခွန်း ထုတ်လိုပါတယ်။

သဘာပတိကြီးနဲ့ တရားသူကြီးများရှင့်-

၃၄။ နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ ယနေ့ရခိုင်ပြည်နယ်ဟာ AA လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာ့တပ်မတော်အကြား ဖြစ်ပွားနေတဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဒဏ်ကို ခံစားနေရပါတယ်။ ဒီပဋိပက္ခဟာ မူဆလင်များနဲ့တော ့မသက်ဆိုင်ပါဘူး။ ဒါပေမဲ့ ပဋိပက္ခနေရာက အခြားပြည်သူများနဲ့အတူ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ချက်များရဲ့ ရိုက်ခတ်မှုကို ကြုံတွေ့ရတာမျိုး ရှိနိုင်ပါတယ်။ ရခိုင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခကို ပိုမိုထိခိုက်ဆိုးရွားသွားစေမယ့် ဆောင်ရွက်ချက်တွေကို ဒီတရားရုံးတော်ကြီးအနေနဲ့ ရှောင်ရှားပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ ယခုအချိန်မှာ ရခိုင်မြောက်ပိုင်းဒေသမှာ AA လက်နက်ကိုင် (၄၀၀) ကျော်က ပလက်ဝမြို့အနီးရှိ တပ်မတော် ခြေကုပ်စခန်းတစ်ခုကို ဝိုင်းဝန်းတိုက်ခိုက်လျက်ရှိပြီး ရခိုင်ပြည်နယ် အမ်းမြို့အနီးတွင်လည်း AA လက်နက်ကိုင် (၂၀၀) ခန့်က တပ်မတော်စစ်ကြောင်းတစ်ခုကို တိုက်ခိုက်လျက်ရှိနေပါတယ်။

၃၅။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိချိန်ကစပြီး မိမိတို့ရဲ့ ပြည်သူတွေဟာ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးရဲ့ အသီးအပွင့်ဖြစ်တဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ လုံခြုံမှုကို ခံစားရခြင်း မရှိသေးပါဘူး။ မိမိတို့ရဲ့ အကြီးမားဆုံး စိန်ခေါ်မှုကတော့ နိုင်ငံတော်အတွက် အခြေခံအုတ်မြစ်ကောင်းတွေကို အားလျော့စေမဲ့ မယုံကြည်မှုနဲ့ ကြောက်ရွံ့မှု၊ ဘက်လိုက် မမျှတမှုနဲ့ မုန်းတီးမှုတို့ အမြစ်တွယ်နေခြင်းကို ဖြေရှင်းဆောင်ရွက်ရန် ဖြစ်ပါတယ်။ မိမိတို့ဟာ လွန်ခဲ့တဲ့ မျိုးဆက်အဆက်ဆက်ကပင် ပြည်သူများမျှော်လင့်တောင့်တခဲ့ကြရတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်စေရေးအတွက် အကြမ်းမဖက်ရေး၊ လူ့အခွင့်အရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် ကတိကဝတ်များကို တစ်စိုက်မတ်မတ် လိုက်နာဆောင်ရွက်သွားမယ်ဆိုတာ ပြောကြားလိုပါတယ်။ ပြည်သူများရဲ့ လုံခြုံရေးနဲ့ အခွင့်အရေးများကို အာမခံမှုပေးနိုင်စေမယ့် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ သဟဇာတဖြစ်စေရေးရဲ့ ရှေ့ဆောင်တစ်ခုအဖြစ် “တရားမျှတမှု” အပေါ် မျှော်ကိုးအားထား လျက်ရှိပါကြောင်း ပြောကြားလိုပါတယ်။

သဘာပတိကြီးနဲ့ တရားသူကြီးများရှင့်-

၃၆။ ပါမောက္ခဝီလျံရှားဘတ်စ်က မြန်မာနိုင်ငံရဲ့တင်သွင်းချက်ကို ဆက်လက်ပြောကြား ခွင့်ပြုပါရန် ပန်ကြားအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Announcements

Latest Updates

Activities